ဗီယက်နမ်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးအတွက် ရုရှားလုပ် အဆင့်မြင့် S-400 (နေတိုးအခေါ် SA-21Growler) အမျိုးအစား လေယာဉ်ပစ် ဒုံးပျံများဝယ်ယူရန် ညှိနှိုင်းနေကြောင်း အာရှကာကွယ်ရေး မဂ္ဂဇင်း Kanwa က ဆိုလိုက်ပါတယ်။ ရုရှားနဲ့ ဗီယက်နမ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ S-400 ဒုံးပျံဝယ် ယူ ရေးအတွက် အလျင်အမြန်ညှိနှိုင်းနေပြီး၊ ပြဿနာ တစုံတရာမရှိခဲ့ရင်တော့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ အနည်းဆုံး ဒုံးပျံတပ်ဖွဲ့ ၄ဖွဲ့စာ ဝယ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဗီယက်နမ်ဟာ လက်ရှိမှာ S-300 အမျိုးအစား လေယာဉ်ပစ် ဒုံးပျံ တပ်ဖွဲ့ ၂ဖွဲ့စာ ပိုင်ဆိုင်ထားပြီးဖြစ်သလို၊ ယခု ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့ရင်တော့ ဗီယက်နမ်ဟာ ရုရှားလုပ် ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး S- 400 (Triumf) ကို ပိုင်ဆိုင်တဲ့ တတိယနိုင်ငံ ဖြစ်လာမှာပါ။
ဗီယက်နမ် မီဒီယာများ၏ အဆိုအရ ဗီယက်နမ်ဟာ ယခုနှစ်ထဲမှာပဲ အစ္စရေးနိုင်ငံမှ SPYDER လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ဝယ်ယူတပ်ဆင်ခဲ့ပြီးဖြစ်တဲ့အတွက် ရုရှား ဒုံးပျံ S-400 တွေသာ ထပ်မံရောက်ရှိလာခဲ့ မယ်ဆိုရင် ဗီယက်နမ်ဟာ ရုရှားနဲ့ အစ္စရေးအကူအညီနဲ့ သူ့ရဲ့ ဝေဟင်နဲ့ ရေပြင်ပိုင်နက်ကို အခိုင်အမာကာ ကွယ်နိုင်လိမ့်မယ်လို့ စစ်ဘက်ဆိုင်ရာ လေ့လာသူများက ဆိုပါတယ်။
S-400(Triumf) လေကြောင်းကာကွယ်ရေး စနစ်ဟာ S-300 ကို ပိုမိုတိုးတက်အောင်ပြုပြင်ထားတဲ့ အမျိုးအစား ဖြစ်ပြီး ကီလိုမီတာ ၄၀၀(မိုင် ၂၅၀) အတွင်း ပေါ်လာတဲ့ပစ်မှတ်တွေဖြစ်တဲ့ လေယာဉ်ပျံ၊ မောင်းသူမဲ့လေယာဉ်နဲ့ ဒုံးပျံတွေကို ပစ်ချဖျက်ဆီးနိုင်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ရုရှားလုပ် S-400 လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံတွေကို တရုပ်က တပ်ဖွဲ့ ၈ဖွဲ့စာ ပိုင်ဆိုင်ပြီး၊ အိန္ဒိယကလည်း တပ်ဖွဲ့ ၅ဖွဲ့စာပိုင်ဆိုင်ထားပါတယ်။
ဗီယက်နမ်ဟာ လတ်တလောမှာ S-300 ဒုံးပျံတွေကို မြို့တော် ဟနွိုင်းနဲ့ ဟိုင်ဖုံဒေသ ကာကွယ်ရေး အတွက် နယ်စပ်မှာ ချထားပြီး အကယ်၍သာ S-400 ဒုံးပျံတပ်ဖွဲ့ ၄ဖွဲ့သာ ထပ်မံပိုင်ဆိုင်ပါက ဗီယက်နမ်ရဲ့ လေကြောင်း ရန် ကာကွယ်ရေးကွန်ရက် ဟာ တရုတ်ပြည်အထိပါ ဖြန့်ကျက်နိုင်တဲ့ အနေအထား ဖြစ်သွားမယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။