တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်သည့် ထီးခီးဂိတ်ပြဿနာ နှစ်ဘက်ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော် က ဧရာဝတီသို့ ပြောဆိုသော်လည်း အောက်ခြေတွင်မူ တင်းမာမှုတချို့ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထီးခီး နယ်စပ် ကုန်သွယ်ရေးဂိတ်တွင် ဖွင့်လှစ်ထားသော KNU ၏ အကောက်ခွန်ဂိတ်ကို ဇွန်လ ၂၁ ရက်က ယင်းဒေသ အခြေစိုက် တပ်မတော် ထီးထနည်းဗျူဟာမှူး ရောက်ရှိလာပြီး အောက်ခြေဂိတ် တာဝန်ကျသူများကို ၃ ရက်အတွင်း ပိတ် သိမ်းရန် အမိန့်ပေးခဲ့သဖြင့် KNU ၏ တပ်မဟာ ၄ တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့အကြား မပြေလည်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ဒေါ်လဲ့လဲ့မော် က “ကျမကတော့ ပြဿနာ မဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဂိတ်လည်းရှိတယ်။ အပစ်အခတ် ရပ်စဲရေး ရယူပြီးသား အဖွဲ့အနေနဲ့ သီးခြားဖွင့်လို့မရဘူးဆိုပြီးတော့ ကျမတို့ ဟန့်လိုက်တာပါ။ နောင်ကို သူတို့ရဲ့ စားဝတ်နေရေး အတွက် ရှေ့ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဆင်ပြေအောင်လုပ်လိုက်တာပါ။ ပြေလည်မှုရသွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တနင်္သာရီတိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) က အကောက်ဂိတ် ဖွင့်၍ လူတဦးလျှင် ၁၀၀ ဘတ် (မြန်မာကျပ် ၃၀၀၀ ခန့်) ကောက်ယူကြောင်း ထိုဂိတ်ကို တပ်မတော်ဘက်က ပိတ်ခိုင်းရာမှ တင်းမာမှု များဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ ဥက္ကဌ ဖြစ်သူ ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်မောင်မောင်စိုး ကိုယ်တိုင် ယခုလ ၂ ရက်နေ့က မြိတ်မြို့ တွင် ပြုလုပ်သော JMC-S အစည်းအဝေးသို့ တက်ရောက် ဖြေရှင်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုအစည်းအဝေးတွင် နှစ်ဘက်ညှိနှိုင်းပြီး ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း JMC-S အဖွဲ့ဝင်လည်းဖြစ် ထိုအစည်းအဝေးကို ကိုယ် တိုင် တက်ရောက်ဆွေးနွေးခဲ့သူလည်းဖြစ်သည့် နော်မေးဒြက် က ဧရာဝတီသို့ပြောသည်။
နော်မေးဒြက် က “တပ်မတော်ဘက်ကလည်း ပဋိပက္ခ မဖြစ် အောင် တောင်းပန်လိုက်တဲ့သဘောပေါ့နော်။ အခုကတော့ အေး အေး ဆေးဆေးဖြစ်သွားပါပြီ ဂိတ်ကလည်း ဘာမှ ပြဿနာမှ မရှိတော့ပါဘူး။ စဖြစ်တုန်းကတော့ တယောက်နဲ့ တယောက် အမြင်လွဲတာနည်းနည်းပါးပါးတော့ရှိခဲ့ပါတယ်။ အစည်းအဝေးမှာ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ကိုယ်တိုင် တဖက်နဲ့ တဖက် အထင်မမှားဖို့ ” ပြောသည်။
အကောက်ဂိတ် ပြဿနာနှင့်ပတ်သက်ပြီး တပ်မတော်နှင့် KNU ခေါင်းဆောင်များက ငြိမ်းချမ်းစွာပြီးဆုံးလိုသည့် ဆန္ဒရှိကြ ကြောင်း ပြဿနာ ဖြစ်စတွင် ကုန်သည်များနှင့် ဒေသခံများက စစ်ပြန်ဖြစ်မည်ကို စိုးရိမ်ထိတ်လန့်မှုရှိခဲ့ကြပြီး ထီးခီးဂိတ်လည်း ပုံမှန်လည်ပတ်မှု အခြေအနေပြန်ရနေပြီဟု နော်မေးဒြက် က ပြောသည်။
“တိုက်ပွဲတွေဘာတွေပြန်ဖြစ်မှာကိုလည်း ဘာမှစိုးရိမ်စရာ မလိုတော့ဘူး။ နှစ်ဘက်လူကြီးတွေကလည်း ပြေပြေလည်လည်နဲ့ ပြောပြီးပါပြီ။ KNU တပ်မဟာ ဗိုလ်ချုပ်ကြီးတွေစီကလည်း သဘောထားကိုလည်း ကျမမေးတယ်။ သူတို့ကလည်း တိုက်ပွဲ မဖြစ်ပါဘူးတဲ့။ ဒီဘက်တပ်မတော်ကလည်း မဖြစ်ပါဘူးပေါ့နော်။ ဒါကြောင့်မလို့ အားလုံးက ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးတော့ အေးအေးဆေးဆေးဖြစ်သွားတာပါ။ ရွာသူရွာသားတွေလည်း အခုအေးအေးဆေးဆေးပါပဲ” ဟု နော်မေးဒြက် က ဆက် ပြောသည်။
နှစ်ဖက်တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးမှုနှင့် ပတ်က်ပြီး ပြေလည်မှုရကြောင်း သတင်းထွက်ပေါ်နေသော်လည်း နှစ်ဖက်က်အကြား စောင့်ကြည့်နေကြသည့် အနေအထားတွင်ပင်ရှိနေဆဲဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်၏ ဆက်လက် ဆောင်ရွက် မည့် အစီအစဉ်များကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း KNU ၏ ထားဝယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဝင်းခိုင် က ပြောသည်။
“လုံးဝ ဘာမှ ပြေလည်မှုမရှိသေးဘူး။ လုပ်ငန်းပိုင်းဆိုင်ရာ၊ ဌာနပိုင်းဆိုင်ရာမှာ သူကလည်း ကိုယ့်ကိုကြည့်၊ ကိုယ်ကလည်း သူ့ကိုကြည့် ဆိုတဲ့ အပိုင်းမှာဘဲရှိနေသေးတယ်။ သူကကိုယ့်ကို လာရှုပ်လား၊ ကိုယ်ကလည်း သူ့ကို သွားမရှုပ်ဘူး။ ကြည့် နေကြတာ။ ရှင်းရှင်းပြောရရင် ဝန်ကြီးချုပ်ပြောတဲ့စကားတွေ ခင်ဗျားတို့လည်းကြားမှာပဲ၊ သူ့အနေနဲ့ ဒီကိစ္စကို ဘယ်လိုစီစဉ် ဆောင်ရွက် နိုင်မလဲဆိုတာ သူ့အပေါ်မှာ အဓိကကျတယ်” ဟု ဦးဝင်းခိုင် က ဧရာဝတီသို့ ပြောသည်။
ထီးခီးဂိတ်တွင် ဖြစ်ပွားခဲ့သော ပြဿနာ နှင့် ပတ်သက်ပြီး နှစ်ဘက်ပြေလည်မှုရရှိသွားပြီဖြစ်သော်လည်း နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံ ညှိနှိုင်းမှုကို မကြာခင်ရက်ပိုင်းတွင် ထပ်မံပြုလုပ်သွားရန် ရှိကြောင်း ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော် က ဧရာဝတီသို့ပြောသည်။
ထီးခီးဂိတ်ပြဿနာ ဖြစ်ပွားပြီးနောက် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ဒုဥက္ကဋ္ဌ ၁ လည်းဖြစ် KNU တပ်မဟာ ၄ ၏ စစ်ဆင်ရေးမှူးလည်းဖြစ်သည့် ဗိုလ်မှူးကြီး စောမူကယ် က ဒုဥက္ကဋ္ဌ ၁ အဖြစ်မှ ဇွန်လ ၃၀ ရက်နေ့တွင် နုတ်ထွက်သွားခဲ့သည်။
အဆိုပါ နုတ်ထွက်စာတွင် တရားဝင်ဖွဲ့စည်းထားသော JMC-S အနေဖြင့် ပြဿနာ တစုံတရာ ပေါ်ပေါက်လာပါက ပါဝင် ဖြေရှင်း ပေးမည့် ယန္တရားအဖြစ် အသုံးမပြုသဖြင့် အဆိုပါကော်မတီ၌ ၎င်းအနေဖြင့် ပါဝင်နေခြင်းသည် နှစ်ဘက်စလုံး အတွက် အကျိုးဖြစ်ထွန်းလာရန် အကြောင်းမရှိဟု ယုံကြည်သဖြင့် နုတ်ထွက်ခြင်းဖြစ်သည်ဟုဆိုသည်။
KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ နေ့တွင် တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အခြား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး လက်မှတ် ထိုးခဲ့သည့် အဖွဲ့ ၈ ဖွဲ့အနက် တပ်မတော်နှင့် ဆက်ဆံရေး အကောင်းဆုံး အဖွဲ့လည်းဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဆဲ ကာလနှင့် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းအထိ KNU ခေါင်းဆောင်များနှင့် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကြား ၅ ကြိမ်ထက်မနည်း ရင်းနှီးသည့် တွေ့ဆုံမှုများ ရှိထားသည်။