သတင်း

၂၁ ရာစု ပင်လုံ ညီလာခံမှာ အပစ်မရပ် အဖွဲ့တွေကို နိုင်ငံရေး ဆွေးနွေးခွင့်ပြုမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လာမယ့် သြဂုတ်လ နောက်ဆုံးပတ် နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) မှာ အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေး ဆွေးနွေးခွင့် ပြုဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မူဝါဒ ချမှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အကြို ပြင်ဆင်ရေး ကော်မတီတို့ရဲ့ ညီလာခံ ဖြစ်မြောက်ရေး ဒုတိယ အကြိမ်မြောက် အကြိုညှိနှိုင်းပွဲကို ဒီနေ့ နေပြည်တော် Horizontal Lake View ဟိုတယ်မှာ ကျင်းပခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဝင်ဖြစ်သူ ဦးလှမောင်ရွှေက “တိုင်းရင်းသား အဖွဲ့အားလုံးကို လက်မှတ် ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဆွေးနွေးခွင့် ပြုမယ်ဆိုတာကို အတည်ပြုထားတယ်” လို့ မီဒီယာတွေကို ဆိုပါတယ်။

လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ရှိတဲ့အနက် ၈ ဖွဲ့က အစိုးရနဲ့ NCA ထိုးထားလို့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့အထိ ရှိနေပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ဒေါက်တာ တင်မျိုးဝင်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေ၊ လက်မှတ် မထိုးထားသေးတဲ့ အဖွဲ့တွေက မေးမြန်းထားတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က NCA ထိုးပြီးသား အဖွဲ့တွေနဲ့ ပြန်လည် သုံးသပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် အခြေအနေ၊ ဆက်လုပ်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လိုမူဝါဒနဲ့ သွားမလဲဆိုတာ ဆုံးဖြတ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရင် ဘာရမလဲ ဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မူပေးသွားတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ သြဂုတ်လ နောက်ဆုံးပတ်ထဲမှာ ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ ဆန္ဒရှိတဲ့အတွက် အချိန်ကာလ သတ်မှတ်ချက်ကိုတော့ အစိုးရအနေနဲ့ လျှော့ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

NCA လက်မှတ် မထိုးရသေးတဲ့ သူတွေကိုတော့ အခုလလယ်ပိုင်းမှာ ရန်ကုန်မှာ တွေ့ဆုံနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေပြီး UNFC ဥက္ကဋ္ဌနဲ့ တွေ့နိုင်ဖို့ ရက်ညှိနေတာ ၃ ခါလောက် ရက်ရွှေ့နေရတယ်လို့ ဦးလှမောင်ရွှေက ပြောပါမယ်။

အစိုးရအနေနဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ (DPN) နဲ့ တွေ့ဆုံတာ၊ မိုင်းလား ဒေသကို ထပ်သွားပြီး AA, MNDAA, TNLA တို့နဲ့ တွေ့ဆုံပြီး ညီလာခံအကြောင်း ရှင်းပြမှာ တွေပြီးရင် လုပ်ငန်းစဉ်တချို့ ပြီးပြတ်သွားတဲ့အခါ နိုင်ငံဆွေးနွေးပွဲ မူဘောင်ကို အားလုံးကို ချပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

AA, MNDAA, TNLA တို့နဲ့ တွေ့ဆုံတဲ့အခါ အစိုးရရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို ဒီနေ့ ရရှိခဲ့တဲ့အတွက် ဦးသိန်ဇော် ဦးဆောင်တဲ့ အဖွဲ့က “ဝ” ဒေသ မိုင်းလားသို့ သွားရောက်ကာ “ဝ” အပါအဝင် ယင်းအဖွဲ့ ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတော့မယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေ ဦးဆောင်ပြုလုပ်မယ့် မိုင်ဂျာယန် ညီလာခံကိုလည်း အစိုးရဆီ တရားဝင် တင်ပြဖို့ ပြောကြား ထားသလို တရားဝင် အကြောင်းကြားလာရင် အစိုးရဘက်က တိုင်းရင်းသား ခေါင်းဆောင်တွေရဲ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စတွေကိုပါ စီစဉ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

“စုဖွဲ့ဆွေးနွေးတာ ကောင်းတဲ့ လုပ်ငန်းလို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးထားတာ ရှိပါတယ်။ အစိုးရ ဘက်ကတော့ အဆိုတင်လာတဲ့ အပေါ်မှာ ဝိုင်းဝန်းကူညီမယ့် ကိစ္စပဲ ရှိပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး စင်တာ (NRPC) ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည် ဖွဲ့စည်းမှာ ဖြစ်ပြီးတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်တွေပါ ပါဝင်မယ့်အပြင် NRPC ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုတည်းကို မလုပ်ဘဲနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရခိုင်ပြည်နယ်က ကိစ္စရပ်တွေကိုပါ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ပိုက်ဆံလိုမယ်။ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က NRPC ကနေပြီးတော့ ဒီငွေတွေ ကိုင်တွယ်သွားမယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading