ရခိုင်ပြည်နယ်ရှိ မြို့နယ် တချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားနေပြီး ဆက်သွယ် ရေး လမ်းကြောင်း တချို့ ပြတ်တောက်ကာ စသင်ကျောင်းများလည်း ပိတ်ထားရကြောင်း သိရသည်။
မိုးကြီးသည့် မြို့နယ်များအနက် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များ၌ ဇူလိုင် ၃ ရက်နေ့မှ စ၍ မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာ တချို့ ရေနစ်မြှုပ်မှု ဖြစ်ပွားနေကြောင်း ရခိုင်ဒေသခံများက ဧရာဝတီ ကို ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် ရေကြီးရေလ ျှံမှုကြောင့် အဆိုးရွားဆုံးသော အခြေအနေ ရင်ဆိုင်နေရပြီး မြို့ပေါ် ရပ်ကွက် တချို့နှင့်ကျေးရွာ အများအပြား တွင် ရေကြီး နေကြောင်း၊ ရေဘေးသင့် ဒေသခံများသည် ကုန်းမြင့်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စာသင်ကျောင်းများ၌ ခိုလှုံနေ ကြကြောင်း မြောက်ဦးမြို့ခံ ဦးမောင်သန်း က ဧရာ ဝတီ ကို ပြောသည်။
“မိုးကြီးပြီး တောင်ကျရေတွေ ဒလဟော စီးဆင်းလာပြီး ရုတ်တရက် ရေတွေမြှုပ်သွားတာပါ၊ မိုးက ဒီနေ့အထိ ရွာနေ တုန်းပဲ” ဟု ၎င်းက ဆိုသည်။
ထို့အတူ မြောက်ဦးမြို့နယ်အတွင်းရှိ လေးမြို့ချောင်း တလျှောက်ရှိ ကျေးရွာအများစုတွင်လည်း ရေကြီးနေပြီး၊ တချို့ နေရာ များ၌ ပေ ၂၀ ဝန်းကျင်ရှိကြောင်း၊ လေးမြို့ချောင်း တလျှောက်တွင် ကျေးရွာ ၂၀ ဝန်းကျင်ရှိပြီး ရေကြီးနေသည့် ကျေးရွာ များသည်အမြင့်ပိုင်း ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း၊ အထက်လေးညှင်းတောင်ကျေးရွာရှိ ကရု နာ ဥယာဉ် ပညာဒါန ကျောင်းမှ သံဃာတော် ဦးဝါသုဒဝေ က ဧရာဝတီ ကို မိန့်ကြားသည်။
ဦးဝါသုဒဝေ က “မြောက်ဦးဒေသခံတွေက ပြီးခဲ့တဲ့နှစ် ရေကြီး၊ ရေမြှုပ်ခံခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိထားတော့ ကိုယ့်အစီ အစဉ်နဲ့ကိုယ် ကြိုတင်ပြင်ဆင်မှုတွေရှိနေကြပြီ၊ တချို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြတုန်းပါ” ဟု မိန့်သည်။
ရခိုင်ဒေသတွင်း လက်ရှိ ဖြစ်ပွားနေသည့် ရေကြီးများမှုနှင့်ပတ်သက်၍ မည်သည့် ကူညီကယ်ဆယ်မှုမှ မရှိသေးဟု ဒေသခံ များက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မြို့နယ် တချို့တွင် ရေကြီးမှုဖြစ် ပွားနေသော် လည်း ဆိုးရွားသည့် အခြေအနေ မဟုတ်သေးကြောင်း၊ ရေပြန်လည် ကျနေပြီ ဖြစ်ကြောင်း၊ ရေကြီးသည့် ရပ်ကွက် ကျေး ရွာ တချို့တွင်လည်း မိမိတို့ အစီအစဉ်ဖြင့် ပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “အရေးပေါ်ဖြစ်လာရင် ကယ်ဆယ်ရေး လုပ်ဖို့အတွက် ဆန်အိတ်တွေ အဆင်သင့် ပြင်ဆင်ထားပါတယ်၊ စစ်တွေမှာ ရှိတဲ့ UN လက်အောက်ခံ အဖွဲ့တွေကလည်း ကူညီဖို့ ပြင်ဆင်နေကြပါတယ်” ဟု ဆိုသည်။
မြောက်ဦးမြို့နယ်သည် ၂၀၁၅ ခုနှစ်တွင်လည်း ရေလွှမ်းမိုးမှု အဆိုးဆုံးခံခဲ့ရသည့် မြို့နယ်ဖြစ်ပြီး၊ လူအသေအပျောက် အများဆုံးမြို့နယ် တခုလည်း ဖြစ်ခဲ့သည့်အတွက် ထပ်မံဖြစ်ပွားမည်ကို စိုးစိမ်နေကြကြောင်း ဒေသခံများက ဆိုသည်။
အလားတူ ကျောက်တော်မြို့နယ်တွင်လည်း ရေကြီးမှု ဖြစ်ပွားနေပြီး မဟာမုနိ ဘုရားကြီးအနီး တဝိုက် နှင့် ကျေးရွာ တချို့ တွင် ရေလျှံမှုများကြောင့် ဆက်သွယ်ရေး လမ်းကြောင်း တချို့ ပြတ် တောက်နေကြောင်း၊ ရန်ကုန်-စစ်တွေ ကားလမ်းနှင့် ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်း တချို့ကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့်နှစ်အတွင်း ရေကြီး၊ ရေလျှံမှုများကြောင့် လူနေအိမ်ခြေ ၁ သောင်းကျော် ပျက်စီးခဲ့ရပြီး၊ လူ ၆၀ ကျော် သေဆုံးခဲ့သည်။ ထို့အတူ စာသင် ကျောင်းပေါင်း ၃၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်း ၁၅၀ ကျော်နှင့် တခြား အ ခြေခံ အဆောက် အအုံ စုစုပေါင်း ၁ သောင်းကျော်၊ ကျွဲ၊ နွား စသည့် အိမ်မွေး တိရိစ္ဆာန် အများအပြား သေကြေခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး ကျပ်ငွေ ၃၅ ဘီလီယံ ဝန်းကျင်ဟု ခန့်မှန်းထားကြောင်း ပြည်နယ် အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။