သတင်း

ရှမ်းမြောက်ရှိ RCSS/SSA စခန်းများကို TNLA ရှင်းလင်းမည်ဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး အနောက်ဘက်ခြမ်းရှိ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ စခန်းများကို ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၎င်းတို့ ဗဟို ဌာနချုပ် အမိန့်ဖြင့် ထိုးစစ်ဆင် ရှင်းလင်းသွားမည်ဟု သတင်းရရှိသည်။

TNLA နှင့် RCSS သည် ဇူလိုင်လ ၄ ရက်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေး ဌာနကလည်း သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ TNLA မှ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “သူတို့ စခန်းကို ကျနော်တို့ လိုက်ရှင်းတာ။ ထိပ်တိုက် ရင်ဆိုင်ဖြစ်တာ မဟုတ်ဘူး။ ကျနော်တို့ လိုက်တိုက်တာ”ဟု ပြောသည်။

TNLA ၏ ဗဟိုဌာနချုပ်မှ TNLA တပ်စခန်းရှိရာ နယ်မြေများအတွင်းသို့ ဝင်ရောက်စခန်းချထားသည့် RCSS တပ်များကို ရှင်းလင်းရန် ပြည်ထောင်စုလမ်းမကြီး အနောက်ဘက်ခြမ်းရှိ RCSS တပ်စခန်း အားလုံးကို အရှေ့ဘက်ခြမ်း ရောက် သည် အထိ ရှင်းလင်းရန် စစ်ရေးရည်မှန်းချက် ချမှတ်ထားသည်ဟုလည်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြောဆိုသည်။

TNLA က ဇူလိုင်လ ၄ ရက်ကလည်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကိန်းဘိုင်ကျေးရွာအနီးရှိ RCSS ၏ စခန်း တခု ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးနေသည့် RCSS တပ်ဖွဲ့ဝင် ၉ ဦးနှင့် အတူ လက်နက် တချို့နှင့် စကား ပြောစက် ၂ လုံး တို့ ရရှိခဲ့ကြောင်း၊ TNLA ဘက်က ၂ ဦး ကျဆုံးကြောင်းလည်း သိရသည်။

ထိုကဲ့သို့ TNLA ဘက်မှ စတင် တိုက်ခိုက် ရခြင်းသည် RCSS က ပလောင် တိုင်းရင်းသားများကို ဖမ်းဆီးခြင်း၊ ဒေသခံ များကို ဆက်ကြေး ကောက်ခြင်းများ ပြုလုပ်နေပြီး လက်ရှိတွင်လည်း ပလောင်ဒေသခံ ၆ ဦးနှင့် လီဆူဒေသခံ ၁၀ ဦး ကို ဖမ်းဆီးထားခြင်းကြောင့် ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ဆိုသည်။

ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက “သူတို့အကုန် တောင်ပိုင်း ပြန်လည်း ကောင်းတယ်။ ကျနော်တို့ မနေ့က တိုက်ထားတဲ့ နေရာ ရယ်၊ ကျောက်မဲ ၊ သီပေါ၊ နမ့်ဆမ် အတက်နား၊ မုန်းပေါ်မြို့နယ် လမ်းကြားတွေမှာ သူတို့ ကျန်သေးတယ်။ ဒီရက်ပိုင်းထဲ ထပ်ရှင်းမယ်“ဟု ပြောသည်။

RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ဇူလိုင်လ ၄ ရက် မနက် ၉ နာရီဝန်းကျင်တွင် ၎င်းတို့ တပ်ဖွဲ့ဝင်များ ရှိသည့် ကုန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်ပြီး မွန်းလွဲပိုင်း အထိ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပြော ဆိုသည်။

တိုက်ပွဲအတွင်း RCSS တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း၊ လက်နက်ကြီး ၊ လက်နက်ငယ်များ နှင့် စစ်သုံး ပစ္စည်းများ TNLA က ရရှိသွားသော်လည်း တပ်စခန်း သိမ်းမိသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း RCSS က ငြင်းဆို သည်။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရှေ့တန်းများ နှင့် အဆက်အသွယ် မရရှိသေးသဖြင့် မသိရှိရသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

၎င်းက “ကိစ္စက လက်နက်နဲ့ ဖြေရှင်းလို့ လုံး၀ ပြီးဆုံးနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့က ဆွေးနွေးဖို့ အမြဲ ကမ်းလှမ်း တယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလည်း TNLAကို တိုက်ရိုက် စာရေးပြီး ဆွေးနွေးဖို့ ကျနော်တို့ ကမ်းလှမ်းခဲ့တာ ရှိတယ်” ဟု လည်း ဆက်ပြောသည်။

ဒေသခံများကို ဖမ်းဆီးထားသည်ဟူသည့် TNLA ၏ စွပ်စွဲချက်သည် မဟုတ်မှန်ကြောင်း RCSS က ငြင်းဆိုပြီး ၎င်းတို့ RCSS တပ်ဖွဲ့များသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၀၆ ခုနှစ်ကတည်းကပင် အခြေချ နေထိုင်လာခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

ဒုဗိုလ်မှူးကြီး စိုင်းမိန်းက “ကျနော်တို့ အမြင်မှာ TNLA ဘက်က လူမျိုးရေးပြဿနာ ဖြစ်အောင် ဖန်တီးနေတာကို တွေ့ ရတယ်။ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ရှောင်ရှားနေပါတယ်” ဟုလည်း ပြောဆိုသည်။

TNLA နှင့် RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှ စ၍ ယခုလ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ TNLA က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ၎င်းတို့ နယ်မြေများအတွင်းသို့ RCSS က ကျူးကျော်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုပြီး RCSS ကမူ ၎င်းတို့တပ်ဖွဲ့ ဝင်များ သင်တန်းတက် ပြီး ဌာနချုပ်သို့ ပြန်ရာလမ်းတွင် TNLA က စတင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟူ၍ အပြန်အလှန် အငြင်းပွားမှုများ ရှိသည်။

ထို့အပြင် RCSS သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးခင်ကလည်း ၎င်းတို့တပ်ဖွဲ့များသည် TNLA နှင့် တပ်ဖွဲ့ချင်း နီးကပ်သည့်ဆက်ဆံရေး ရှိ ကြောင်း၊ NCA ထိုးပြီး နောက်ပိုင်းမှသာလျှင် မပြေလည်တော့ခြင်း ဖြစ်ကြောင်းလည်း ဧရာဝတီကို ပြောဆိုထားသည်။

TNLA သည် NCA တွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း ကိုးကန့် တိုက်ပွဲများတွင် ကိုးကန့်ဘက်မှ မဟာမိတ်အဖြစ် ပါဝင် တိုက်ပေးခဲ့သဖြင့် တပ်မတော်က လက်နက်ချမှ ငြိမ်းချမ်းရေး လုပ်မည်ဟု ပြောဆိုခြင်း ခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။

လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးရန် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင်လည်း တက်ရောက်ခွင့် ရနိုင်ရန် TNLA က အစိုးရနှင့် ညှိနှိုင်းဆဲ ဖြစ်သည်။

RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး အစိုးရ နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA စာချုပ် လက်မှတ်ထိုးထားသည်။

လက်ရှိတွင် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် ဆွေးနွေးမှုများရှိပြီး တပ်မတော်နှင့်လည်း ပြန်လည်ပစ်ခတ်မှု မဖြစ်ပွား စေရန် ပူးပေါင်း ကော်မတီများဖြင့် ညှိနှိုင်း လုပ်ဆောင်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading