မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးလက်ဒေသများတွင် ဒေသခံ ပြည်သူများအား အလုပ်သမားအဖြစ် အဓမ္မခိုင်းစေခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်းများ ပြုလုပ်နေခြင်းကို ရပ်တန့်ပေးရန် ချင်းတိုင်းရင်းသား ပါတီတခုက ဇူလိုင်လ ၅ ရက်နေ့တွင် ကြေညာချက်တခု ထုတ်ပြန် တောင်းဆိုခဲ့သည်။
ဇွန်လ ၆ ရက်နေ့က ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းတွင် ကင်းတလင်း ကျေး ရွာမှ အိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့သည်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ(CNDP) အတွင်းရေးမှူး Salai Ceu Bik Thawng က ပြောသည်။
မြန်မာ့တပ်မတော် စစ်ကြောင်းများကို သတင်းပေးသည်ဟု သံသယရှိသည့် ကျေးလက်နေပြည်သူများကို ပြစ်ဒဏ်ပေးသည့် အနေဖြင့် AA တပ်သားများက မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ချင်းမီဒီယာတခုဖြစ်သည့် Khumi က စွပ်စွဲခဲ့သည်။ သို့သော်လည်း CNDP အထွေထွေ အတွင်းရေးမှူးကမူ အဆိုပါ အဖြစ်အပျက်တွင် တဘက်တည်းသို့ အပြစ်တင်ရန် ငြင်းဆန်ခဲ့ပါသည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်မှ အဆင်းရဲဆုံး မြို့နယ်များထဲတွင် ပါဝင်ပြီး ချင်းပြည်နယ်သည်လည်း ညွှန်းကိန်း အမျိုးမျိုးအရ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်နှင့် တိုင်းများထဲတွင် ပါဝင်နေပါသည်။ အားကိုးအားထားပြုနိုင်လောက် သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦး အားနည်းပြီး မတ်စောက်ရှည်လျားသော တောင်တန်းများက ဖုံးလွှမ်းထားသည်။ ပဋိပက္ခဖြစ်ပွားသောနေရာသည် မြို့နယ်၏ မြောက်ဘက်တွင်ရှိပြီး ကုန်းလမ်းခရီးဖြင့် မရောက်နိုင်ဘဲ ရုံးစိုက်မြို့မှနေ၍ လှေဖြင့် နာရီပေါင်းများစွာ သွားရောက်ရသည့် နေရာဖြစ်သည်။
CNDP အတွင်းရေးမှူး၏ အဆိုအရ ပဋိပက္ခဒေသတွင် လူဦးရေ ၁၀၀၀၀ ခန့်နေထိုင်သည့် ကျေးရွာ ၄၃ ခုရှိသည်ဟု သိ ရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကစ၍ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်ကြားတွင် ဒါဇင်နှင့် ချီသော တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့သည်။ ၂ ဘက်လုံးက ဒေသခံများကို ပေါ်တာအဖြစ် အတင်းအကျပ် ခိုင်းစေလာပြီးနောက် ဒေသခံပြည်သူ ၃၅၀ ခန့် ထွက်ပြေးခဲ့ကြသည်။ သူတို့သည် ချင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ပြိုင်ဇိုကျေးရွာတွင် ခိုလှုံနေ ထိုင်ကြရသည်။
“ကျေးလက်ပြည်သူတွေက သစ်တောထွက်ပစ္စည်းတွေ ရှာဖွေဖို့ ကြောက်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ တောင်စောင်းတွေမှာ မြေမြှုပ်မိုင်းတွေ သိသိသာသာ တိုးလာလို့ပါ” ဟု CNDP အတွင်းရေးမှူးကပြောသည်။ ၂ ဘက်လုံးတွင် တာဝန်ရှိသည်ဟု သူကပြောသည်။ မြေမြှုပ်မိုင်းများကြောင့် ပြီးခဲ့သည့် ၃ လအတွင်းတွင် ဒေသခံ ၃ ဦး သေဆုံးခဲ့ရသည် ဟုလည်း ဆိုသည်။
သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပလက်ဝမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးက ထိုစဉ်က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဟုန်ငိုင်း ထံ စာရေးသား၍ ကျေးလက် ပြည်သူများကို AA က လပေါင်းများစွာ ဖမ်းဆီးထိန်း သိမ်းခံထားခြင်း၊ မြေမြှုပ်မိုင်းများတိုးပွားလာခြင်း နှင့် စားနပ်ရိက္ခာ ရှားပါးလာခြင်း စသည့် ဆိုးရွားလာသည့် အခြေအနေများနှင့် ပတ်သက်၍ တိုင်ကြားခဲ့သည်။
ရက္ခိုင့်တပ်မတော် ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CNDP ၏ စွပ်စွဲမှုများနှင့် အခြားသော ပြည်သူများအပေါ် နှိပ်စက်ပြု မူမှုများကို ငြင်းပယ်သည်။“တကယ်လို့ ကျနော်တို့က ဒါမျိုးတွေလုပ်တယ်ဆိုရင် ကျနော်တို့ကို သက်သေပြပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေရှိပါတယ်။ ကျနော်တို့က အရပ်သား ပြည်သူ တွေကို ကျနော်တို့ တတ်နိုင်သမျှ ကာကွယ်နေတာပါ” ဟု သူက ပြောသည်။
နှိပ်စက်မှုများကို ကင်တလင်းရွာတွင် စခန်းချထားသော မြန်မာ့တပ်မတော် တပ်ရင်းက ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း သူက ပြောသည်။ AA နှင့် ပတ်သက်သည့် သတင်းများ ရရှိနိုင်ရေးအတွက် မြန်မာစစ်တပ်က ရွာသားများကို နှိပ်စက်ညှဉ်းပမ်းသည့် ဖြစ်ရပ်သည် ပုံမှန်လုပ်ရပ်ဖြစ်ကြောင်း၊ ရွာသားများကို လူသားဒိုင်း အဖြစ်အသုံးပြုနေသည်ဟုလည်း ထပ်ပြောသည်။
အဓမ္မခိုင်းစေခြင်း နှင့် ပတ်သက်သော စွပ်စွဲမှုများကို ငြင်းဆန်ခဲ့သော်လည်း AA က လုံခြုံရေး လိုအပ်သည့်အတွက် မြေမြှုပ်မိုင်းများကို အကန့် အသတ်ဖြင့် အသုံးပြုကြောင်း သူက ဝန်ခံခဲ့သည်။
ဇူလိုင်လ ၅ ရက်နေ့က မြန်မာ့တပ်မတော်၏ ဆက်သွယ်ရေး အရာရှိ ဗိုလ်မှူးကြီး ခင်မောင်ချို ထံ မှတ်ချက်တောင်းခံရန် ဆက်သွယ်သော်လည်း မရခဲ့ပါ။
အစိုးရက သြဂုတ်လနှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ကွန်ဖရင့်တခု ကျင်းပရန် ပြင်ဆင်နေပါသည်။ ပြီးခဲ့သည့် နှစ်က လက်မှတ်ရေးထိုးခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော သို့မဟုတ် မပါဝင်ခဲ့သော အဖွဲ့များလည်း ပါဝင်လာနိုင်ရန် ကြိုးစားနေသည်။
သို့သော်လည်း မြန်မာ့တပ်မတော်က ရက္ခိုင့်တပ်မတော် ၊ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်မီ လက်နက်စွန့်ရန် အခိုင်အမာပြောကြားထားသည်။ အဆိုပါ အဖွဲ့ ၃ ဖွဲ့ကလည်း လက်နက်စွန့်ရန် ငြင်းဆန်ထားကြသည်။
“ငြိမ်းချမ်းရေးက စစ်တပ်ရဲ့ သဘောထားကြီးမှု အပေါ်မှာ မူတည်ပါတယ်” ဟု ရက္ခိုင့်တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ ကပြောသည်။