ဇူလိုင်လ ၃ ရက်နေ့က လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာသို့ မြန်မာ့တပ်မတော် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး သွားရောက်၍ ဇွန်လ ၂၈ ရက်နေ့တွင် ရွာအနီး၌ အသတ်ခံခဲ့ရသော ဒေသခံရွာသား ၇ ဦး ၏ မိသားစုများအား လူသားချင်းစာနာမှု အနေဖြင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအမှုအတွင် မြန်မာ့တပ်မတော်က ပါဝင်ပတ်သက်နေသည် ဟု ဒေသခံများက စွပ်စွဲထားကြသည်။ ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်စိုးက သေဆုံးသူများ၏ မိသားစုများကို အလှူငွေအဖြစ် ကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ ကြောင်း ဒေသခံများကပြောသည်။
“ကြားတာက ဖြစ်စဉ်တွေကို သူက မှတ်တမ်း သွားယူတဲ့ သဘော ထင်တယ်။ ပြီးတော့ စာနာထောက်ထားတဲ့အနေနဲ့ သူက မိသားစုတစ်စုကို ကျပ်ငွေ ၃ သိန်း လှူတယ်လို့သိရတယ်” ဟု ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။
တပ်မတော်ဘက်မှ ခြေမြန်တပ်ရင်း ၃၆၂ ပါဝင်ကြောင်း အသတ်ခံရသူများ၏ မိသားစုများ ဘက်မှ စွပ်စွဲခဲ့ သော်လည်း တပ်မတော်ပိုင် မြဝတီသတင်းဌာနကမူ ယခုဖြစ်စဉ်တွင် ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) ပါဝင်ပတ်သက်နေကြောင်းနှင့် တပ်မတော်ဘက်မှ ပါဝင်မှု မရှိကြောင်း ဇူလိုင်လ ၁ ရက်နေ့ ထုတ်သတင်းစာတွင် ဖော်ပြထားသည်။
TNLA နှင့် ရှမ်းလက်နက်ကိုင် SSA-N တပ်တို့က ဒေသခံများကို တပ်သားသစ် အဖြစ် အဓမ္မစုဆောင်းနေသည့်အတွက် ဇွန်လ ၂၅ရက် နေ့တွင် မြန်မာတပ်မတော်က မိုင်းယော်ရွာဒေသအနီးသို့ နယ် မြေရှင်းလင်းရေး ဆောင်ရွက်ရန် သွားရောက်ခဲ့ကြောင်း ဇူလိုင် ၁ရက်နေ့ထုတ် မြဝတီ သတင်းစာက ဖော်ပြခဲ့သည်။
ထို့နောက် TNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွွားပြီးနောက်တနေ့တွင် မြန်မာ့တပ်မတော်က အလောင်း ၇ လောင်းကို ရှာဖွေ့တွေ့ရှိခဲ့ကြောင်းလည်း မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ဇူလိုင် ၃ ရက်နေ့ တွင် ထိုဒေသ၌ မည်သည့်တိုက်ပွဲမျှ မဖြစ်ပွားခဲ့ကြောင်း TNLA က ကြေညာချက်တစောင် ထုတ်ပြန်သည်။
အသတ်ခံသည့် နေရာသည် မိုင်းယော်ရွာမှာ ဖြစ်ပြီး စုစုပေါင်း အရပ်သား ၇ ဦး သေဆုံးခဲ့ရသည်။ အသတ်ခံရသည့် အထဲတွင် ၂ ဦးမှာ ဆိုင်ကယ်မောင်းနေစဉ် လမ်းပေါ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်က ဆိုင်ကယ်မောင်းနေသည့် လူငယ် ၂ ဦးကို တားရာမှ မရပ်သဖြင့် သေနတ်ဖြင့် ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ် ၂ ဦးအသတ်ခံရသည့် ဇွန်လ၂၈ ရက်နေ့မှာပင် တပ်မတော်က ပြောင်းခင်းစိုက်အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက ပြောကြသည်။ မိုင်းယော် ကျေးရွာမှ မိသားစုများနှင့် ကျေးရွာလူကြီးများက နောက်တနေ့တွင် လိုက်လံရှာဖွေသည့်အခါ မြုပ်နှံထားသော အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ရသည်။ သေဆုံးသူများ၏ မိသားစုများက ရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိသေးပေ။
သို့သော် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ဆိုင်ကယ်မောင်းနေစဉ် အသတ်ခံခဲ့ရသူ ၂ ဦး၏ မိသားစုများက လာရှိုးမြို့နယ် ရဲစခန်းတွင် အမှုလာဖွင့်ခဲ့ကြောင်း လိုက်ပါကူညီပေးနေသော ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်လန်ခမ်းက ဧရာဝတီသို့ ပြောသည်။
၎င်းတို့ ၂ ဦးသည် ဒီနမ်ကျေးရွာအုပ်စု နမ်ယော်ရွာက ဖြစ်ပြီး ညီအကိုတော်စပ်ကြောင်းနှင့် တဦးက သူ၏ ဇနီးနှင့် သားကို ခေါ်ရန် သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
သူတို့၏ ဦးလေးဖြစ်သူက ၎င်းတို့အား မြှုပ်နှံထားသည့်နေရာကို လိုက်လံရှာဖွေခဲ့သော်လည်း တူဖြစ်သူ၏ ဦးထုပ်နှင့် ဖိနပ်ကိုသာ တွေ့ရှိခဲ့သည်။ ထို့နောက် အသတ်ခံရသူ ၂ ဦး၏ မိသားစုများက SNLD မှ ဦးစိုင်းဝမ်လန်ခမ်း၏ အကူအညီဖြင့် လားရှိုးမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားခဲ့သည်။
“ရဲစခန်းက လူပျောက်တိုင်တဲ့ကြာအမှု ပုံစံမျိုးပေါ့။ ရဲက အမှုဖွင့်ခွင့် ပြုထားတယ်။ ကျနော်တို့က အသတ်ခံခဲ့ရတဲ့ သူတွေရဲ့ ဓာတ်ပုံပေးထားခဲ့တယ်”ဟု ဦး စိုင်းဝမ်လန်ခမ်းက ပြောသည်။
ရဲစခန်းက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့လျှင်ပင် တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်သည့်အတွက် ရဲက တိုက်ရိုက်ကိုင်တွယ်မရဘဲ တပ်မတော်ကိုသာ ပြန်လွှဲပေးရမည် ဖြစ်ကြောင်း ရဲစခန်း၏ ပြောကြားချက်ကို ဦးစိုင်းဝမ်လန်ခမ်းက ပြန်ပြောပြသည်။
လားရှိုးအခြေစိုက် ရှမ်း၊ တအာင်း(ပလောင်)နှင့် ကချင် လူငယ်အဖွဲ့အစည်းများက ဇူလိုင်လ ၄ ရက်နေ့က ရွာသားများ အသတ်ခံရခြင်းနှင့် အပြစ်မဲ့တိုင်းရင်းသား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်း၊ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကြီးမားစွာထိခိုက်စေသည့်အတွက် မြန်မာ့တပ်မတော်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံချသော သဘောထား ထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် ရွာသားများအသတ်ခံရခြင်းက တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တပ်မတော်နှင့် တိုင်းရင်းသားအကြား ယုံကြည်မှု ပျက်ပြားစေကာ သြဂုတ်လနှောင်းပိုင်းတွင် ကျင်းပမည့် ပင်လုံညီလာခံကို များစွာ ထိခိုက် စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ တပ်မတော်ကို ပြည်သူလူထုအား ရက်စက်စွာ သတ်ဖြတ်ခြင်းကို ရပ်တန့်ရန်နှင့် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက မိုင်းယော်ရွာသားများ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရန်နှင့် အမြန်ဆုံးဆောင်ရွက် အရေးယူပေးရန်လည်း သူတို့က တောင်းဆိုခဲ့သည်။
မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းကို ဧရာဝတီသတင်းဌာနက ဖုန်းခေါ်ဆိုခဲ့သော်လည်း ထိုဖြစ်ရပ်နှင့်ပတ်သတ်၍ မှတ်ချက်မပေးခဲ့ဘဲ အစည်းအဝေး တက်ရောက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းအား အကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ပြန်လည်မဖြေကြားခဲ့ပေ။