သတင်း

ငပုတောမြို့နယ်တွင် ဆင်သတ်ဂိုဏ်းသားတဦး ဖမ်းမိ၊ ၃ ဦး ထွက်ပြေးနေ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းရှိ ဆူးပိတ်ကျေးရွာအနီး ဗန်းမော် ချောင်းဘေး၌ ဆင်သတ်ဂိုဏ်းအဖွဲ့ဝင်တဦးကို ဆင်ပစ်သေနတ် ၂ လက်နှင့်အတူ သက်ဆိုင်ရာက ယမန်နေ့ တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်အဖွဲ့ဝင် ၃ ဦးမှာ ထွက်ပြေးနေကြောင်း သတင်းရရှိသည်။

“ဆင်သတ်ဂိုဏ်းအဖွဲ့က ညဘက်မှာ ဆင်သားတွေကို ကြပ်တင်ပြီး အိပ်မောကျနေတဲ့အချိန် ကျနော်တို့ စစ်ကြောင်းက ဝင်ဖမ်းတာ။ သူတို့ သေနတ်တွေမှာ ယမ်းအပြည့်ထည့်ထားလို့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ် တွေကို ဝင်လုတဲ့အချိန် သူတို့ နိုးလာပြီးတော့ ၃ ယောက်က သေနတ်နဲ့ ပစ်နေတဲ့ကြားထဲက ထွက်ပြေး သွားတယ်။ ကျန် ၁ ယောက်ကိုတော့ သစ်တောရဲတပ်ဖွဲ့က ဒုတပ်ကြပ်က အတင်းဝင်လုံးပြီး ဖမ်းဆီးခဲ့တာ”ဟု ဆင်သတ်ဂိုဏ်းဖမ်းဆီးရေးစစ်ကြောင်းတွင် လိုက်ပါခဲ့သူ ငပုတောမြို့နယ်တောအုပ် ဦးဝင်းဇော်က ဧရာဝတီကိုပြောသည်။

ဒေသခံတို့၏ သတင်းပေးမှုအရ ငပုတောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် သစ်တောရဲ ဒုရဲအုပ် ဟိန်းဇော်ထွန်း၊ ငရုတ်ကောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်ဇင်အောင်၊ ငပုတောမြို့နယ် တောခေါင်း ဦးဝင်းဇော်၊ တင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလေးနှင့် အဖွဲ့က မြစ်တစ်ရာကြိုးဝိုင်းအတွင်း ၃ ရက်ကြာ စစ်ကြောင်း ထိုးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ငဖဲမြို့နယ်၊ ငဖြူကြီးရွာသား မောင်ထားဖြစ်ပြီး ၎င်းနှင့်အတူ ဆင်ပစ်ရာတွင် အသုံးပြုသည့် တူမီးသေနတ်ပြောင်းရှည် ၂ လက်၊ တူမီးသေနတ်အတွင်း ထည့်သွင်းပစ်ခတ်သည့် ဘောစိ ၃၃ လုံး၊ ကန့်မှုန့် ၅ ကျပ်သား၊ ယမ်းစိမ်း ၁၀ ကျပ်သား၊ အဆိပ်ထုပ် ၃ ထုပ်၊ မိုဘိုင်းဖုန်း ၂ လုံး၊ ဘက်ထရီအားသွင်းစက် ၁ လုံး၊ တရားခံတို့၏ မှတ်ပုံတင် ၄ ခု၊ ဆင်အရေပြား ၁၀ ပိဿာ၊ ဆင်သားကြပ်ကင်ခြောက် ၁ ပိဿာ၊ အရှည် ၉ လက်မခွဲ လုံးပတ် ၃ လက်မရှိ ယာဖက်ဆင်စွယ် ၁ ချောင်း၊ အရှည် ၇ လက်မ လုံးပတ် ၃ လက်မရှိ ဝဲဘက် ဆင်စွယ် ၁ ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း ငပုတောမြို့နယ် သစ်တောဌာနက ပြောသည်။

စစ်ဆေး မေးမြန်းမှုအရ လွတ်မြောက်နေသူ ၃ ဦးမှာ ငဖဲမြို့နယ်၊ ဝက်ဆာရွာသား ဇော်မျိုးချစ်၊ သက္ကယ်တောင် ရွာသား မောင်မော့၊ ဝင်္ဂဘာရွာသား မောင်မောင်တို့ဖြစ်ပြီး ၎င်းတို့အား ဖမ်းမိရေးအတွက် ဆက်လက် ဆောင် ရွက် နေကြောင်း ဆင်သတ်ဂိုဏ်းဖမ်းဆီးရေးစစ်ကြောင်းအဖွဲ့ဝင် တောအုပ် ဦးဝင်းဇော်က ပြောသည်။

“ဆင်သတ်ဂိုဏ်းတွေက ၅ ယောက်တဖွဲ့၊ ၄ ယောက်တဖွဲ့စသဖြင့် တဖွဲ့ကို အနည်းဆုံး သေနတ် ၂ လက်၊ ၃ လက် ပါကြ တယ်။ ပြီးတော့ ဆင်တွေကို သတ်ပြီး အစွယ်တွေ၊ အရေပြားတွေ၊ ဆင်သားတွေပါ ကြပ်ကင်ပြီး ပုသိမ် – မော်တင် ကားလမ်း တဆင့် မန္တလေးဘက်ကို သယ်ကြတာ”ဟု တောအုပ် ဦးဝင်းဇော်က ပြောသည်။

ဖမ်းဆီးရမိထားသည့် ဆင်သတ်ဂိုဏ်းအဖွဲ့ဝင် မောင်ထားကို ငပုတောမြို့မရဲစခန်းသို့ပို့ဆောင်၍ ဖမ်းဆီး ထိန်းသိမ်းထားပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် တောရိုင်းတိရိစ္ဆာန်များ ထိမ်းသိမ်းကာကွယ်ရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၇ (က) ဖြင့် သစ်တောဌာနက တရားလိုလုပ်ကာ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်းကလည်း ငဖဲမြို့နယ်၊ ငဖြူကြီးရွာမှ လူ ၅ ဦးပါဝင်သည့် ဆင်သတ်ဂိုဏ်းတခုကို ပုသိမ်မြို့နယ်၊ သလပ်ခွာနယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ရာ ဂိုဏ်းဝင် ၂ ဦးကို ဖမ်းမိခဲ့ပြီး ဂိုဏ်းခေါင်းဆောင် သိန်းမောင်၊ အဖွဲ့ဝင် မောင်ဆားနှင့် မောင်ဒိုးတို့ ၃ ဦးမှာမူ ဖမ်းဆီးခံခြင်းမရှိဘဲ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading