သတင်း

ရွှေ့ပြောင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစိုးရ စီစဉ်နေ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း ဒုက္ခသည်များ ဂုဏ်သိက္ခာနှင့် လုံခြုံမှုရှိစွာ နေရပ်ပြန်နိုင်ရေးကို အစိုးရက တရားဝင် စီစဉ်နေပြီ ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောသည်။

ယနေ့ နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက် တရပ် ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပူးပေါင်း ဆောင်ရွက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မိမိဆန္ဒအလျောက် ပြန်နိုင်တာရယ် အန္တရာယ်ကင်းရှင်းဖို့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အုပ်စုတစုလုံး အနေနဲ့ လုပ်ငန်းပိုင်း မဟာဗျူဟာ လမ်းပြမြေပုံ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို တရားဝင် ကြိုဆိုပါတယ်” ဟု ဒု ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မဟာဗျူဟာ လမ်းပြမြေပုံကို တရားဝင် အလွတ်သဘော ပုံစံဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်တွင်း၌ စတင် ဆွေးနွေးခဲ့ပြီး နေပြည် တော်တွင် ၂၀၁၅ ခုနှစ်၌ ပဏမ ဆွေးနွေးပွဲ စတင်နိုင်ခဲ့ကြောင်း၊ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိလာမည့် ဒုက္ခသည်များအတွက် ကျန်းမာရေး၊ ပညာရေး၊ မှတ်ပုံတင် ရရှိရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ဒု ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောသည်။

ထိုင်းရောက် မြန်မာ ဒုက္ခသည်များ ပြန်လည်ရောက်ရှိရေး လုပ်ငန်းစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာချင်သည်ဟု ဆန္ဒထုတ်ဖော်သူ ၁၉၆ ဦးကို နေရပ် ပြန်လာနိုင်ရေး ဆောင်ရွက်ပေးရာ မှတဆင့် ထိုင်းရောက် မြန်မာများ ပြန်လာနိုင်ရေး အစီအစဉ်မှာ ပိုမိုမြန်ဆန်လာရခြင်း ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ ယာယီစခန်း ၉ ခုမှ ဒုက္ခသည် တသိန်းကျော်တွင် ကရင်ပြည်နယ်မှ ရောက်ရှိနေသည့် ဒုက္ခသည်များမှာ အများဆုံး ဖြစ်ကြောင်း သိရပြီး ကယား ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့မှ ဒုက္ခသည်များလည်း ပါဝင်ကြောင်း UNHCR မှ သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ Mr. Giuseppe de Vincetiis က “ဒုက္ခသည် ၁၉၆ ဦး မိမိဆန္ဒအလျောက် မြန်မာနိုင်ငံကို ပြန်လာလိုတာ ဖြစ်ပါတယ်။ မြန်မာအစိုးရရော ထိုင်းအစိုးရရော ဒီပထမတစု ပြန်နိုင်အောင် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပြီးရင် နောင်အများကြီး ပြန်လာနိုင်အောင် ဒါဟာ ပထမ အဆင့်ဆောင်ရွက်မှာလို့ ပြောရမှာပါ” ဟု အခမ်းအနားတွင် ပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ရမည့် ကိစ္စများစွာ ရှိသေးကြောင်း၊  ၎င်းတို့ကို ကာကွယ် စောင့်ရှောက်ရန်နှင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် မြန်မာအစိုးရကို UNHCR က ကူညီပေးမည် ဖြစ်ကြောင်းနှင့် ယခု အလုပ်ရုံ ဆွေးနွေးပွဲသည် ဒုက္ခသည်များအတွက် အခွင့်အလမ်း ဖြစ်ပြီး  ပြန်လာသည့် ဒုက္ခသည်များ လူ့အဖွဲ့အစည်းတွင် ပူးပေါင်း ပါဝင်လာနိုင်ရေးမှာ အရေးကြီးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မှတ်ပုံတင် မရှိသည့် နေရပ်ပြန်သူများအတွက် နိုင်ငံသား မှတ်ပုံတင် ရရှိရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ ကလေးငယ်နှင့် သက် ကြီးရွယ်အိုများအတွက် ၎င်းတို့၏ လိုအပ်ချက်များ စဉ်းစားပေးခြင်းနှင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ယနေ့ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။

ထိုင်းရောက် မြန်မာ ဒုက္ခသည်အားလုံး နေရပ်ပြန်နိုင်ရေးအတွက်၂၀၁၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင်နေပြီး ၂၀၁၄ ခုနှစ်က ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ယခုလုပ်ငန်းစဉ်ကို နောက်ထပ် ၃ နှစ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက ပြောသည်။

Loading