တိုင်းရင်းသား ထိပ်သီးညီလာခံ အကြိုဆွေးနွေးပွဲ ပြုလုပ်မည်
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီး ညီလာခံ ဖြစ်မြောက်ရေး အတွက် အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်မရပ်ရ သေးသည့် အဖွဲ့များအကြား အကြိုဆွေးနွေးပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးညှိနိုင်း ကြမည်ဖြစ်ကြောင်း အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “မနက်ဖြန်လုပ်မယ့် အစည်းအဝေးကတော့ မိုင်ဂျာယန် ညီလာခံအတွက်ကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ပေါ့။ ညီလာခံကို ဘယ်နေ့ ဘယ်ရက်မှာ လုပ်မလဲ။ ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်ကြမလဲ စသဖြင့် အဲဒါတွေ ညှိနှိုင်းကြမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းမိုင်မြို့တွင် နှစ်ရက်တာ ပြုလုပ်မည့် အစည်းအဝေးကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် ၈ ဖွဲ့ဘက်မှ ကိုယ်စားလှယ်များနှင့် အပစ် မရပ်ရသေးသော လက်နက်ကိုင် ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံကြမည်ဖြစ်သည်။
အစိုးရသစ် လက်ထက် သြဂုတ်လတွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ညီလာခံတရပ် ကျင်းပရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နှစ်ဖွဲ့လုံးက တင်ပြတောင်းဆိုထားကြပြီး ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ဖိတ်ကြားပြီး ဆွေးနွေးကြမည့် မိုင်ဂျာယန် ညီလာခံသည် ဇူလိုင်လကုန်ပိုင်းတွင် ဖြစ်နိုင်ဖွယ်ရှိသည်ဟု အပစ်ရပ်အဖွဲ့ဘက်က ခန့်မှန်းပြောဆိုသည်။
“မိုင်ဂျာယန် ညီလာခံမှာ အဓိကကတော့ ကျနော်တို့တွေ လက်မှတ်ထိုးခဲ့တာတွေ၊ မထိုးခဲ့တာတွေ ဘေးဖယ်ထားပြီးတော့ ကိုယ့်ရဲ့ ဆောင်ရွက်ချက် အခြေအနေတွေ၊ သေဘောထား အမြင်တွေကို စုပြီးတော့မှ ဆက်လက်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက် ကြမလဲ၊ ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဘယ်လို ဆက်လက် ဆောင်ရွက်ကြမလဲ အဲဒါတွေကို အဓိက လုပ်ဖို့ပါပဲ” ဟု ခွန်မြင့်ထွန်းက ပြောသည်။
အပစ်ရပ် ၈ ဖွဲ့က ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ ကျင်းပလိုကြောင်း တင်ပြခဲ့သည်ဟုလည်း ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တက်ရောက်ရေး၊ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် အပစ်မရပ်သေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟုလည်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တောင်းဆိုချက် အသံ တသံတည်း ထွက်နိုင်ရေး မိုင်ဂျာယန် ညီလာခံတွင် ဆွေးနွေးညှိနှိုင်းကြမည်ဟု နှစ်ဘက် အဖွဲ့အစည်းများက သတင်း မီဒီယာများထံ ပြောဆိုထားသည်။
အဆိုပါ ညီလာခံသို့ UNFC အဖွဲ့ဝင်များမဟုတ်သော “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) အပါအဝင် မဟာမိတ်အဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ – ကပ်ပလန် (NSCN-K) တို့ကိုလည်း ဖိတ်ခေါ်သွားမည်ဟု သိရပြီး အဆိုပါ အဖွဲ့အစည်းများ အနေဖြင့် တက်၊ မတက်တော့ မသေချာသေးကြောင်း သိရသည်။