သတင်း

မြေမြှုပ်မိုင်းနင်းမိ၍ RCSS/SSA၏ ရိက္ခာ သယ်ဆောင်ပေးသူ ဒေသခံ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာ အုပ်စု၊ ပိန်းထွမ်ကျေးရွာ အနီးတွင် ယမန်နေ့ နံနက် ၈နာရီက ဒေသခံ ၈ ဦး မိုင်းနင်းမိရာ တဦး သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက ဒေသခံ ၁၇ ဦးသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ စားနပ်ရိက္ခာကို သယ်ဆောင် ပေးနေစဉ် ဒေသခံ ၈ ဦးမှာ မိုင်းနင်းမိရာမှ ၁ ဦး သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူ ၄ဦး မှာ ဒဏ်ရာ မပြင်းထန်သဖြင့် မန်းစံ တိုက်နယ်ဆေးရုံတွင် တင်ထားကြောင်း၊ ကျန် ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဧရာဝတီသို့ပြောသည်။

ဆက်လက်ပြီး နန်းခမ်းအေး က “RCSS အရာရှိတွေနဲ့ ကျမ ရန်ကုန် မှာ တွေ့တယ်။ တွေ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း တာဝန်ယူဖို့ပြောပါတယ်။ RCSS က ဒဏ်ရာ ရတဲ့သူနဲ့ ဆုံးတဲ့သူတွေကို တာဝန်ယူမယ်လို့ ကတိပေးသွားတယ်” ဟု ဧရာဝတီသို့ပြောသည်။

မိုင်းကို မည်သည့် အဖွဲ့မှ လာရောက် ထောင်ထားမှန်း မသိရှိကြောင်း၊ နမ္မတူမြို့နယ်အတွင်းတွင် ၂၀၁၅ ခုနစ် နောက်ပိုင်း မြေမြှုပ်မိုင်း ပိုများလာကြောင်း၊ မြေမြှုပ်မိုင်း အသိပညာပေးမှုကိုလည်း ဒေသခံများ ပိုမို သိရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နန်းခမ်းအေးက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က “ဒီကိစ္စ ကျနော် အတိအကျ မပြောနိုင်သေးဘူး။ ကြားတော့ ကြားနေရပါတယ်။ အခုလောလောဆယ် သတင်းအမှားတွေရော အမှန်တွေရော ထွက်နေတာပဲ” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါနယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ပလောင် (တအောင်း) လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) နှင့် အစိုးရတပ်မတော်တို့၏ တပ်စခန်းများတည်ရှိပြီး ယင်းအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Loading