သတင်း

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမှု ဦးစခုန်တိန့်ယိန်း အယူခံဝင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ဦးစခုန်တိန့်ယိန်းက ယနေ့တွင် အယူခံ ပြန်တင်ခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးလှဟန်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးလှဟန်က “အယူခံတင်ရတာက ဦးစခုန်တိန့်ယိန်းကို ထောက်ခံတဲ့ ဒေသခံတွေ ကလဲ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်။ ဆန္ဒပြမယ်လို့လည်း သတင်းတွေကြားရတယ်။ နောက်တချက်က သူတို့ဆုံးဖြတ်ချက်တွေမှာ မှားနေတဲ့အချက်တွေ ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၅ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဦးစခုန်တိန့်ယိန်းအား ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ခုံရုံးက ဇွန်လ ၂၄ ရက်တွင် အနိုင်ရကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဦးစခုန်တိန့်ယိန်းအား ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲကန့်ကွက်လွှာကို ယင်းမဲဆန္ဒ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးယောန နှင့် ဆော့လော်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးစံဝေခေါင်လွမ်း တို့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကော်မရှင်ခုံရုံးအဖွ့ဲ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ဒေသခံ ပြည်သူအချို့မှ ဆန္ဒထုတ် ဖော်မှု ပြုလုပ်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း  မလိုလားအပ်သည့် ပြဿနာများဖြစ်ပေးလာမည်ကို စိုးရိမ်သည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ဦးစခုန်တိန့်ယိန်းက ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲရလဒ်များအရ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်းမှာ ခိုင်လုံမဲ ငါးထောင်ကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနမှာ ခိုင်လုံမဲ ၂၆၀၀ ကျော်ဖြင့် ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။

၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဦးစခုန်တိန့်ယိန်းမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့သူဖြစ်သည်။

ဦးစခုန်တိန့်ယိန်းသည် ကချင် ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် နောက်ပိုင်တွင် ကချင်အထူးဒေသ ၁၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ  ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများတွင် ခုံရုံး၏ ဆုံဖြတ်ချက်အပေါ် ကျေနပ်မှုမရှိပါက ငွေကျပ် ၅ သိန်းပေးသွင်းကာ ဆုံးဖြတ်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အယူတင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading