သတင်း

ထိုင်းတွင် အကြောင်းပြချက်မရှိဘဲ မြန်မာအလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ ကုမ္ပဏီတို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာ အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံလိုက်ရကြောင်း သိရသည်။

အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်ဖြုတ်ခံရခြင်းဖြစ်ပြီး အကြောင်းပြချက် တစုံတရာမရှိဘဲ ထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်းနှင့် နစ်နာကြေးလုံးဝမရရှိကြကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများက ဧရာဝတီကို ပြောသည်။

ထိုင်းလူမျိုးတချို့က မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသားများလုပ်မည့် အလုပ်အကိုင် အခွင့်အလမ်းများကို ဝင်ရောက်လုပ်ကိုင်နေကြသည်ဟု အမြင်မကြည်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကြောင့် ပြည်ပ အလုပ်သမားများကို လျှော့ချလိုသည့်အတွက် မြန်မာလုပ်သားများကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပြသည်။

“မြန်မာတွေဟာ သူတို့နိုင်ငံသားတွေ လုပ်မယ့်အလုပ်တွေကို လုယူနေကြတယ်ဆိုပြီး တချို့က မကြိုက်ကြဘူးပေါ့။ ထိုင်း တွေ မလုပ်ချင်တဲ့ အလုပ် ၂၄ မျိုးကိုပဲ လုပ်ရမယ်ပေါ့။ ဥပမာ အိမ်ဖော်လိုမျိုး၊ အလုပ်ကြမ်းတွေလိုမျိုးပဲ”ဟု ၎င်းက ဆိုသည်။

အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများတွင် လုပ်သက် ၂ နှစ်မှ ၉ နှစ်အထိ လုပ်ကိုင်နေသူများ ပါဝင်ကြောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကုမ္ပဏီများတွင် အလုပ်ရသော်လည်း အလုပ်သမားအခွင့်အရေးကို ထိုင်းနိုင်ငံသားများ ကဲ့သို့ အပြည့်အ၀ မရရှိကြကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမားတဦး၏ အနိမ့်ဆုံးလုပ်အားခသည် တရက်လျှင် ထိုင်းဘတ်ငွေ ၃၀၀ ပေးရ မည်ဟု သတ်မှတ်ထားသော်လည်း မြန်မာ အလုပ်သမားများသည် တရက်လျှင် ထိုင်းဘတ် ၁၀၀၊ ၁၅၀ ဝန်းကျင်သာ ရရှိ ကြသည်။

ထို့အပြင် ဇွန်လလယ်ပိုင်းက ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်၌ နှစ်နိုင်ငံ အစိုးရကြား အလုပ်သမားအရေးကိစ္စများ ဆွေးနွေးပြီးနောက် ထိုင်းအရာရှိ ၂၀ ကျော် အလုပ်ဖြုတ် ခံရပြီးနောက်ပိုင်းတွင် မြန်မာ အလုပ်သမားများအား ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေ သည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။

မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ စက်ရုံအလုပ်ရုံများအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီး ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုပ်သမား ၃၅၀ ခန့် ဖမ်းဆီးခံရပြီး အများ စု ပြန်လည် လွတ်မြောက်လာသော်လည်း မဲဆောက် ထောင်ထဲ၌ လူဦးရေ ၅၀ ဝန်းကျင် ကျန်ရှိနေသေးသည် ဟု ဦးမိုးကြိုးက ပြောသည်။

မြန်မာ အလုပ်သမား အများဆုံးတည်ရှိရာ မဟာချိုင်ဒေသတွင် စက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက် စစ်ဆေးခြင်း၊ အထောက်အထား မပြည့်စုံသည့် အလုပ်သမားများအား ဖမ်းဆီးစစ်ဆေးခြင်း၊ ငွေတောင်းခံခြင်း၊ အလုပ်ဖြုတ်ခြင်းများ ရှိနေကြောင်း သိရသည်။

မဟာချိုင်ရှိ စက်ရုံတခုတွင် မြန်မာအလုပ်သမား ၅၀ ဝန်းကျင် အလုပ်ဖြုတ်ခံထားရကြောင်းနှင့် ၎င်းတို့၏ နစ်နာကြေး နှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရန်အတွက် သံရုံး အရာရှိများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မဟာချိုင် အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက် (MWRN) ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ဧရာဝတီ ကို ပြောသည်။

အလုပ်သမားများအား အလုပ်ဖြုတ်ခြင်း၊ ဖမ်းဆီး စစ်ဆေးခြင်းများနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး တာဝန် ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်း ဆက်သွယ်၍ မရပါ။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီးပွားရေး လုပ်ငန်းများ ဆက်တိုက်ကျဆင်းနေပြီး စက်ရုံ၊ အလုပ်တချို့ပိတ်သိမ်းခြင်း၊ အလုပ်သမားဦးရေ လျှော့ချခြင်းများ ရှိ၍ မြန်မာ အလုပ်သမားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာနေသည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading