မြန်မာနိုင်ငံမှ အမျိုးသမီးများအတွက် တရားရေးဆိုင်ရာ တရားမ ျှတမှု ရရှိရေးသည် အားနည်းနေဆဲဖြစ်ပြီး ထိုသို့အားနည်းရခြင်းမှာ အသိပညာနည်းပါးခြင်းနှင့် တိုင်းရင်းသားဒေသများတွင် ရိုးရာဓလေ့ထုံးတမ်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲ ဖြစ်သည့်အတွက် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ “Women’s Access to Justice in Plural Legal Systems in Myanmar” အစီရင်ခံစာဆွေးနွေးပွဲတခု အပြီး ဦးဆောင်သုတေသနပြုသူတဦးက တရားဝင်နှင့် တရားမဝင် တရားရေးစနစ်များသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် ထိရောက်စွာ ကာကွယ်ပေးမှု မရှိကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အဆိုပါ အစီရင်ခံစာအား ၂၀၁၃ ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ကချင်၊ ချင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းစသည့် ဒေသ ၄ ခု တွင် အဓိက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ သုတေသနပြုသူများက အမျိုးသမီး ၄၀၀ ကျော်ကို ဆွေးနွေးမေးမြန်းခဲ့ပြီး အမျိုးသမီးများ အခွင့်အရေးချိုးဖောက်ခံရမှုများတွင် တရားမျှတမှု ရှာဖွေနိုင်ရန် တရားဝင်အဖွဲ့အစည်း တခု လိုအပ်ကြောင်း ထောက်ပြခဲ့ကြသည်။
ထိုအစီရင်ခံစာကို ပူးတွဲသုတေသနပြုသူတဦးဖြစ်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းအမျိုးသမီး မချယ်ရီဇာဟောင်းက တရားမျှတမှုနှင့် စပ်လျဉ်း၍ အမျိုးသမီးများ သိနားလည်မှုမှာ မြန်မာနိုင်ငံ၏ ဒေသတခုနှင့်တခု ကွဲပြားသည်ဟု ဆိုသည်။
တိုင်းရင်းသား ဒေသများရှိ လူ့အဖွဲ့အစည်းတွင် အချို့လူတွေက “စစ်တပ်ရဲ့ အနှောက်အယှက်ကနေ ကင်းလွတ်ပြီး သူတို့ ဘဝတွေ လုံခြုံ လွတ်လပ်တဲ့အခါ တရားမျှတမှု ရှိတယ်”ဟု ခံစားရကြောင်း၊ အခြား လူ့အဖွဲ့အစည်းများ၌ ပညာရေးနှင့် ကျန်းမာရေးအတွက် လူမှုအထောက်အပံ့များရရှိခြင်းက တရားမျှတမှုရခြင်းဟု ထင်မြင်ကြကြောင်း ချယ်ရီဇာဟောင်း က ပြောသည်။
ရန်ကုန်ရှိ အမျိုးသမီးများ၊ အထူးသဖြင့် အရေအတွက်မြောက်မြားစွာရှိသော ပြည်တွင်း ရွေ့ပြောင်း နေထိုင်သော လူမှုပတ်ဝန်းကျင်မှ အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မပြုကျင့်ခံရခြင်း တို့ကို အများဆုံး ခံရကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ထိုအမှုများမှာ တရားရုံးတွင် အမှုဖွင့်ခွင့်ရရန်ကိုပင် အနည်းဆုံး ၃ လ ကြာမြင့်နိုင်သည့်အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းခံရသူများမှာ လူမှုရေးအထောက်အပံ့နှင့် စိတ်ဓာတ်ရေးရာ အကူအညီ လိုအပ်ကြောင်း ချယ်ရီဇာဟောင်းကပြောသည်။
ဝေးလံခေါင်ဖျား တိုင်းရင်းသား ဒေသများတွင် အမျိုးသမီး အများအပြားမှာ မြန်မာစကားမပြောတတ်ကြသလို ရာဇဝတ်မှုများကို တိုင်ကြားရန် အနီးစပ်ဆုံး ရဲစခန်းသို့ ရောက်ရှိရန်မှာလည်း ဝေးလံလှသည့်အတွက် အငြင်းပွားမှု တစုံတရာရှိပါက အငြင်းပွားဖွယ်ရာ ရိုးရာဓလေ့ ထုံးတမ်းဥပဒေများ၏ အဆုံးအဖြတ်ကိုသာ ခံရကြဆဲ ဖြစ်သည်ဟု ချယ်ရီဇာဟောင်း ကပြောသည်။
ရိုးရာ ဓလေ့ထုံးတမ်းများအရ အငြင်းပွားမှုများ ဖြေရှင်းသောအခါ အမျိုးသမီးများအား ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခွင့်ပြုလေ့မရှိ။ ထိုစနစ်ကြောင့် အမျိုးသမီးများ၏ အမြင်ဖော်ပြခွင့် နည်းပါးပြီး ကျူးလွန်ခံရသူ အမျိုးသမီး၏ နစ်နာမှုကို ကုစားမည့်အရေးထက် လူမှုရေး သဟဇာတ ဖြစ်မှုကို ဦးစားပေးလေ့ရှိသည်။
အငြင်းပွားမှုများ ဖြေရှင်းရာတွင် အမျိုးသမီးများ ပါဝင်ခြင်းမှာ ရလဒ်ကောင်း ထွက်တန်ကောင်းသော်လည်း အများစုတွင် အမျိုးသားများက ရိုးရာဓလေ့ အမည်ခံ၍ ဆုံးဖြတ်ချက်ချမှတ်သူများ ဖြစ်နေဆဲဖြစ်ပြီး အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းမှာ မြန်မာ့ လူ့အဖွဲ့အစည်းတွင် အမြစ်တွယ်နေကြောင်း မချယ်ရီဇာဟောင်းက ပြောသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် တန်းတူအခွင့်အရေး ရရှိကြပြီး ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားသော်လည်း ၎င်းတို့၏ အားနည်းချက်များကို လူ့အဖွဲ့အစည်းက လျစ်လျူရှုဆဲ ဖြစ်သည်။
ယခု သီတင်းပတ်တွင် မြန်မာ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက အမျိုးသမီးများ တန်းတူညီမျှမှုနှင့် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီသော တရားမ ျှတမှု ရရှိနိုင်ရေးအတွက် ကုလသမဂ္ဂ၏ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ ကော်မတီ (CEDAW committee) သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
ဂျီနီဗာမြို့တွင် ဇူလိုင်လ ၄ရက်မှ ၇ရက်အထိ ကျင်းပနေသော စီဒေါ ကော်မတီတွင် မြန်မာနိုင်ငံ၏ အခြေအနေကို သုံးသပ် နေသည်။ ယခုစီဒေါကော်မတီသုံးသပ်ချက်သည် ၂၀၀၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများကို အလေးထား လိုက်နာမှု ရှိမရှိကို ပထမဆုံးအကြိမ် သုံးသပ်ခြင်း ဖြစ်သည်။