သတင်း

မိုးကောင်း-ဖားကန့်လမ်းပိုင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်း၊ မိုးကောင်းမြို့အထွက် ၈ မိုင်လမ်းခွဲအကျော် တံတားပေါ်တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးကောင်းရဲစခန်းမှ စုံစမ်းသိရသည်။

ဇူလိုင် ၇ ရက် နံနက်ပိုင်းက ယာဉ်မောင်း ဦးအောင်ဆန်းဦး မောင်းနှင်လာသည့် လင်ခရူဇာ အမျိုးအစားယာဉ်သည် မိုးကောင်းမြို့အထွက် ကွန်ကရစ်တံတားပေါ်အရောက်တွင် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ဇော်က “မိုင်းက ဒီဒေသမှာလုပ်တဲ့ လက်လုပ်မိုင်း အမျိုးအစားပါပဲ” ဟု ဆိုသည်။ ၎င်းကဆက်လက်၍ “ဖြစ်စဉ်ကို အမှုဖွင့်ထားတာ မရှိသေးဘူး၊ စုံးစမ်းဆဲပါပဲ”ဟု ဧရာဝတီကို ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါလာသူ မြစ်ကြီးနာမြို့နေ ဒေါ်ခွန်ရာနှင့် မပဆီဆိုင်းပန်တို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံသို့ လွဲပြောင်းတင်ပို့ထားပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။ ယာဉ်၏ ဝဲဘက်ခြမ်းနှင့် နောက်ဘီးများလည်း ပျက်ဆီးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အပြီး ရဲတပ်ဖွဲ့မှ အခင်းဖြစ်ရာနေရာအား ရှင်းလင်းရှာဖွေမှုပြုလုပ်ရာ၌ မိုင်းပေါက်ကွဲသည့်နေရာနှင့် မနီးမဝေးတွင် မပေါက်ကွဲသေးသည့်မိုင်းတလုံးကို ထပ်မံတွေ့ရှိခဲ့သည်ဟု ရဲမှူးတင်မောင်ဇော်က ပြောသည်။

အလားတူ ဇူလိုင် ၆ ရက် နံနက်ပိုင်းက မိုးကောင်း-ဖားကန့်လမ်းမ ဖားကန့်-ကာမိုင်းအကြား၊ ဂေါ်လီယန် ကျေးရွာအနီးတွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးကောင်းရဲစခန်းမှ သိရသည်။

Loading