သတင်း

မန်းစည်ပင်ကော်မတီဝင် ၁၁ ဦးကို တာဝန်မှရပ်စဲ

This article has been converted from Zawgyi One to Unicode

လက်ရှိတာဝန်ထမ်းဆောင်နေသည့် မန္တလေးဒုမြို့တော်ဝန်နှင့် အတွင်းရေးမှူးအပါအဝင် စုစုပေါင်း မန္တလေးစည်ပင်ကော်မတီဝင် ၁၁ ဦးကို တာဝန်မှရပ်စဲလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က
ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေအရ မန်းစည်ပင်ကော်မတီဝင် ၁၁ ဦးကို ဇူလိုင် ၇ ရက်က တာဝန်မှ ရပ်စဲလိုက်ပြီး၊ လာမည့်သီတင်းပတ် ၂ ပတ်အတွင်း တိုင်းအစိုးရအဖွဲ့က ကော်မတီဝင် ၅ ဦးကို ရွေးချယ်ခန့်အပ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ဧရာဝတီကို ပြောသည်။

“နှစ်ပတ်အတွင်း ခန့်အပ်ကော်မတီဝင် ၅ ဦးကို တိုင်းအစိုးရအဖွဲ့က ခန့်မယ်။ ၃ လအတွင်း ရွေးကောက်ပွဲ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားချက်မှာပါတယ်။ ဒီကော်မတီဝင်တွေကို အနားပေးလိုက်တယ်ဆိုတာက ဥပဒေအရ
အကျိုးသက်ရောက်တဲ့ သဘောပါ။ ဒါကိုရုံးလုပ်ငန်းသဘောအရ အစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်တယ်။ မနေ့က ညွှန်ကြားချက်ထွက်တာ” ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ဥပဒေအမှတ် (၁/၂၀၁၆) ဖြင့် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေအရ စည်ပင်ကော်မတီဝင်များ၏ သက်တမ်းသည် လက်ရှိအစိုးရသက်တမ်းအတိုင်း ဖြစ်သည်ဟု ပါရှိရာ ယခင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မတီဝင်များကို တာဝန်မှရပ်နားခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

တာဝန်မှရပ်စဲခံလိုက်ရမှုနှင့် ပတ်သက်ပြီး ဒုမြို့တော်ဝန်ဟောင်း ဦးညွှန့်မောင်က “ရန်ကုန်မှာလို မောင်းထုတ်တာမျိုး မဟုတ်ဘဲ ဥပဒေအရ ညင်ညင်သာသာ ဆောင်ရွက်တဲ့အတွက် ဘာမှပြောစရာ မရှိဘူး။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဒါပေမယ့် ပြည်သူက တာဝန်ပေးရင်တော့ ဆက်လုပ်ဖို့အစီအစဉ် ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိအချိန်၌ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ကော်မတီဝင်များအဖြစ် မြို့တော်ဝန်နှင့် တွဲဖက်အတွင်းရေးမှူးသာကျန်ရှိရာ ကော်မတီဝင်အဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ရမည့်ကိစ္စများကို
ဆိုင်းငံ့ထားမည်ဖြစ်ပြီး အရေးကြီးကိစ္စရှိပါက တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်သွားမည်ဟု
တွဲဖက်အတွင်းရေးမှုး ဦးသက်နိုင်ထွန်းက ပြောသည်။

မန္တလေးမြို့တော်ဝန် ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက မန်းစည်ပင်အစည်းအဝေးခန်းမတွင် ကော်မတီဝင်များအား နုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး လာမည့် ၃ လအတွင်း စည်ပင်ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်သည်။ မန်းစည်ပင်ကော်မတီဝင်ဟောင်း အချို့ကလည်း ပြန်လည်အရွေးကောက်ခံမည်ဟု ပြောဆိုကြသည်။

Loading