သတင်း

၂၁ ရာစု ပင်လုံ ညီလာခံတွင် အရပ်ဘက် လူမှုအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်ရန် တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၁ ရာစု ပင်လုံညီလာခံတွင် လူထုနှင့်ဆိုင်သည့် မူဝါဒရေးရာ ကိစ္စရပ်များ ဆုံးဖြတ်ချက်ချရာ၌ အရပ်ဘက် လူမှု အဖွဲ့ အစည်း(Cso) ကိုယ်စားလှယ်များ ပါဝင်လိုကြောင်း အစိုးရထံသို့ တင်ပြ တောင်းဆို ထားသည်ဟု သတင်း ရရှိသည်။

၂၁ ရာစု ပင်လုံညီလာခံနှင့် အပြိုင်ကျင်းပမည့် Cso ဖိုရမ်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများက မူကြမ်းတစောင် ရေးဆွဲပြီး ဇူလိုင်လ အစောပိုင်းက အစိုးရ၏ Cso ဖိုရမ် အကောင်အထည် ဖော်ရေး အလုပ်အဖွဲ့ကို တင်ပြထားသည်ဟု လည်း ဆိုသည်။

အဆိုပါ မူကြမ်းတွင် အရပ်ဘက်အဖွဲ့များက ၂၁ရာစု ပင်လုံညီလာခံတွင် တောက်လျှောက် ပါဝင်ခွင့် မရလျှင်လည်း လူထု နှင့် ဆိုင်သည့် မူဝါဒရေးရာ ကိစ္စရပ်များ ဆုံးဖြတ်ချက်ချရာ၌ ပါဝင်ဆွေးနွေးခွင့် ရရန် တောင်းဆို ထားသည်ဟု အရပ်ဘက် လူမှု အဖွဲ့အစည်းများဘက်မှ ပြောရေးဆိုခွင့်ရှိသူ မဖွေးယုမွန် က ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အစိုးရက ကျမတို့ကို ဘယ်လောက်ပါဝင်ခွင့် ပေးမယ် ဆိုတာ ဘာမှ တိတိကျကျ မသိရသေးဘူး။ လောလောဆယ်ကတော့ ကျမတို့ရဲ့ ဆန္ဒ သဘောထားတွေကို မူကြမ်းမှာ ထည့်ပြီး တင်ပြထားတာပဲ ရှိသေးတယ်” ဟုလည်း ပြောဆိုသည်။

အစိုးရ၏ Cso ဖိုရမ် အကောင်အထည်ဖော်ရေး အလုပ်အဖွဲ့ထံသို့ တင်ပြထားသည့် မူကြမ်းကို အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်၊ အရပ်ဘက ်လူမှုအဖွဲ့အစည်း ကွန်ရက်ပေါင်း ၂၀ ကျော်တို့က အစည်းအဝေး ၉ ကြိမ် ခန့် ပြုလုပ်ပြီး ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ၎င်းတို့ ပါဝင်ခွင့်ရမည့် အတိုင်းအတာကို သိနိုင်ရန်အတွက် အစိုးရ၏ Cso ဖိုရမ် အကောင်အထည်ဖော်ရေး အလုပ်အဖွဲ့နှင့် ထပ်မံ တွေ့ဆုံဆွေးနွေးရန် အကြောင်း ပြန်မည့်ရက်ကို စောင့်နေ သည် ဟုလည်း ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများကြား နိုင်ငံရေးဆွေးနွေးမည့် ၂၁ ရာစုပင်လုံ ညီလာခံကို သြဂုတ်လ အတွင်း ကျင်းပရန် စီစဉ်လျက်ရှိသည်။

ထိုညီလာခံတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများကို တိုက်ရိုက် ပါဝင်ခွင့်မပေးဘဲ သီးသန့်အနေဖြင့် အရပ်ဘက်လူမှု အဖွဲ့ အစည်းများ ဖိုရမ်တခု အပြိုင်ကျင်းပခွင့်ပေးပြီး ထိုဖိုရမ်မှ အရပ်ဘက်အဖွဲ့များ ဆွေးနွေးပြီး နောက်ဆုံး ထွက်ရှိသည့် ရလဒ် များကို ၂၁ရာစု ပင်လုံညီလာခံ ဆုံးဖြတ်ချက် ချရာတွင် ပြန်လည် ထည့်သွင်း သွားမည်ဟု သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သီးသန့်ဖိုရမ်လုပ်ပြီး ပေါ်ထွက်လာသည့် ရလဒ်ကိုသာ တင်ပြရန် ပြောဆို ထား သော် လည်း အရပ်ဘက်လူမှု အဖွဲ့အစည်းများက ၂၁ရာစု ပင်လုံညီလာခံ ဆွေးနွေးမှုတွင် တောက်လျှောက် မပါဝင်ရလျှင်လည်း ဆုံးဖြတ်ချက်ချရာတွင်တော့ ၎င်းတို့ ဖိုရမ်မှ ဆွေးနွေးထားသည့် စာတမ်းကို ကိုယ်တိုင်ပါဝင် ဆွေးနွေးတင်ပြလိုသည့် ဆန္ဒ ရှိသည်ဟု ဆိုကြသည်။

လက်ရှိတွင် အရပ်ဖက်အဖွဲ့အစည်းများမှာ ၎င်းတို့ ဖိုရမ် ကျင်းပနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ဖိုရမ်တွင် ပြည်နယ် နှင့် တိုင်းဒေသ အသီးသီးမှ ပြည်သူများ၏ လိုအပ်ချက် ဆန္ဒများကို စစ်တမ်းကောက်ယူပြီး မူဝါဒ ရေးရာ အချက်အလက်အဖြစ် ပြန်လည် ရေးဆွဲ၍ ၂၁ရာစု ပင်လုံ ညီလာခံသို့ ပြန်လည်တင်ပြရန် အကြမ်းဖျင်း သဘောတူထားကြသည်ဟု သိရသည်။

အရပ်ဘက် အဖွဲ့အစည်းများဘက်မှ ပြောရေးဆိုခွင့် ရှိသူတဦးဖြစ်သည့် ကိုသွင်လင်းအောင်က“ပြည်သူတွေက သူတို့ အတွက် လိုအပ်တယ် လုပ်သင့်တယ် ထင်လို့ တင်ပြလာတာတွေကို Cso တွေက ပြန်ဆွေးနွေးပြီး သက်ဆိုင်သူ ဆုံးဖြတ် နိုင်သူတွေ သိအောင် တင်ပြဖို့ ကျနော်တို့ လုပ်သွားမှာပါ ” ဟု ပြောသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် Cso ဖိုရမ်ကို နိုင်ငံတော်အဆင့် ဖိုရမ်တခု ဦးစွာကျင်းပပြီး အဆိုပါ ဖိုရမ်မှ လုပ်ငန်းကော်မတီ ၊ ပြည်နယ်နှင့် တိုင်း တာဝန်ခံများ ရွေးချယ်ပြီး ပြည်နယ် နှင့် တိုင်းအသီးသီးတွင် ဖိုရမ်များ ပြန်လည် ကျင်းပ၍ လူထုဆန္ဒများ ရယူမည်ဟုလည်း ကိုသွင်လင်းအောင်က ဆိုသည် ။

ထိုပြည်နယ်နှင့် တိုင်း ဖိုရမ်များမှ ထွက်လာသည့် လူထု ဆန္ဒ သဘောထားများကို စာတမ်းများ ပြုစုပြီး နိုင်ငံတော် အဆင့် ဖိုရမ်တွင် ပြန်လည်တင်ပြ၍ မူဝါဒရေးရာ စာတမ်းအဖြစ် ပြန်လည် ရေးဆွဲပြီး ၂၁ရာစု ပင်လုံညီလာခံသို့ တင်ပြ မည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading