အသက် ၆၀ နှင့်အထက် သက်ကြီးများအား ခရီးသွားလာခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်စသည့် လူမှုဘ၀ လိုအပ်ချက် များ ဆောင်ရွက်ရာတွင် သက်သာခွင့် ရရှိစေရေးနှင့် အထောက်အပံ့ ပေးနိုင်ရေးအတွက် သက်ကြီးရွယ်အို သက်သေခံ ကတ်ပြားများကို မြန်မာနိုင်ငံ တဝန်း၌ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်းရှိ သက်ကြီးရွယ်အိုများနှင့် ကူညီထောက်ပံ့မည့်သူ လုံးဝမရှိကြသည့် သက်ကြီးရွယ်အိုများ ခရီးသွား လာခြင်း၊ ကျန်းမာရေးကိစ္စများ ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကို ဆောင်ရွက်ရာ၌ သက်သာခွင့် ရရှိစေရန် ရည်ရွယ်ပြီး ထိုအစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဧရာဝတီကို ပြောသည်။
“သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးမယ့် အစီအစဉ်ကို ဒီနှစ်ထဲမှာ အကောင်အထည် ဖော်နိုင်မယ်လို့ ထင်ပါ တယ်။ မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်”ဟုလည်း ဦးစိုးကြည်က ဆိုသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေ ၅ သန်း ဝန်းကျင်ရှိသော်လည်း ၎င်းတို့အား ကူညီထောက်ပံ့မည့် ဥပဒေ သီးသန့် မရှိသေး၍ ဥပဒေသစ်ပြဌာန်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက် ပေးနိုင် မည့် ဥပဒေကြမ်းကို လွှတ်တော်၌ တင်ပြထားပြီး ဆွေးနွေးအတည်ပြုပြီးပါက နည်းဥပဒေများ ထပ်မံထည့်သွင်း ရေးဆွဲ၍ အဆင့်ဆင့် အကောင်အထည် ဖော်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
အစိုးရက သက်ကြီးရွယ်အိုများကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဘတ်ဂျက် သီးသန့်ရေးဆွဲသွားမည်ဖြစ်ပြီး ကူညီ လှူဒါန်း လိုသူများရှိပါက ထည့်ဝင်နိုင်ရန် ရန်ပုံငွေတရပ် ထူထောင်ပေးထားမည် ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို ကူညီ စောင့် ရှောက် ပေးမည့် အစီအစဉ်သည် အစိုးရ၏ ရက် ၁၀၀ စီမံကိန်းများထဲက တခုဖြစ်ကြောင်း သိရသည်။
သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးရာတွင် သာမန်ရိုးရိုး သက်ကြီးရွယ်အိုများ၊ ကူညီထောက်ပံ့မှု လုံး၀ မရှိ သူများ စသည်ဖြင့် ခွဲခြားဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေး ချို့တဲ့သူများကို အထူးသက်သာခွင့် စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဟု သိရသည်။
သို့သော် ရာခိုင်နှုန်းအားဖြင့် မည်မျှအထိ သက်သာခွင့်ပေးမည် ဆိုသည်ကို နည်းဥပဒေများ ရေးဆွဲရာ၌ ထည့်သွင်းရေးဆွဲ သွားမည်ဟု ဦးစိုးကြည်က ဆိုသည်။
သက်ကြီးရွယ်အို ဘိုးဘွားများအား ကူညီစောင့်ရှောက်မှု ပေးနေသည့် ပရဟိတ လူမှုအဖွဲ့အစည်းတချို့က အစိုးရ၏ သက်ကြီး ရွယ်အိုများအတွက် သီးသန့် ဥပဒေတရပ် ရေးဆွဲ၍ ကူညီ ထောက်ပံ့ပေးမည့် အစီအစဉ်ကို ကြိုဆိုကြောင်း၊ သို့သော် အိမ်ထောင်စုစာရင်း မရှိကြသည့် သက်ကြီးရွယ်အိုများ အတွက် အသက်အရွယ် ကန့်သတ်မှုများ စိစစ် ဆောင် ရွက် ရာတွင် စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောဆိုကြသည်။