ရန်ကုန်မြို့တွင် နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်မည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာအချို့တွင် ရေးသား ဖော်ပြမှု များရှိနေသော်လည်း လတ်တလောတွင် ယင်းကိစ္စကို သေချာစွာ သိရှိထားခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့ပြမြေယာနှင့် မြေစီမံခန့်ခွဲမှုဌာန ဒုတိယ ဌာနမှူး ဦးတိုးအောင်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးလင်းခိုင်က “ ဒီစီမံကိန်းနဲ့ ပတ် သက်ပြီး သေချာ မသိရသေးပါဘူး။ ဘယ်သူက ဖြေလိုက်တာလည်း မသိပါဘူး။ ဒီစီမံကိန်းက တော်တော်ကြီးတယ်။ ဝန်ကြီးကို တင်ပြရတာတွေ ရှိဦးမယ်”ဟု ပြောသည်။
ရန်ကုန်တွင် နှစ်ထပ်လမ်းများ တည်ဆောက်ရေး စီမံကိန်းသည် ယခင် အစိုးရသက်တမ်းတွင် လုပ်ကိုင်ရန်လျာထားခဲ့သည့် စီမံကိန်းတခုဖြစ်ပြီး ယခုအသစ် တက်လာ သည့် အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သို့လည်း ပြန်လည် တင်ပြပြီး လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွက်လည်း ကုန်ကျမည့်ငွေကိုလည်း ရရှိထားခြင်းလည်း မရှိသေးကြောင်း၊ စီမံကိန်း ပမာဏကြီးမား သည့်အတွက် အသေးစိတ် အတိကျ ပြောနိုင်ရန် ခက်ခဲနေသေးကြောင်း သိရသည်။
“တကယ်ဖြစ်လာရင် မီဒီယာတွေကို တရားဝင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးမှာပါ”ဟု ဒုတိယဌာနမှူး ဦးလင်းခိုင်က ပြောသည်။
ရန်ကုန်မြို့ တွင် ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား ကုမ္ပဏီတို့ ပူးပေါင်း၍ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်း စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေး နှစ်တွင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ယခုရက်ပိုင်း အတွင်း သတင်းရေးသားဖော်ပြခဲ့သည်။
ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် နှစ်ထပ်လမ်း စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် စတင် တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာငွေ အခက်အခဲကြောင့် တည်ဆောက်ရန် ကြန့်ကြာ နေခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်း အတွက် ကုန်ကျမည့် ငွေမှာ အပြင်ပတ်လမ်း အတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်နှင့် အတွင်း ပတ်လမ်း အတွက် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း အဆိုပါသတင်းတွင် ပါရှိသည်။
အဆိုပါ စီမံကိန်းမှာ ပုဇွန်တောင်၊ ရေကျော်မှစ၍ ဝေဇယန္တာလမ်း တစ်လျှောက်၊ ခရေပင်လမ်းမှ အောက် မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း မှ ကြည့်မြင်တိုင် ကမ်းနားလမ်း အတိုင်း တည်ဆောက် သွားမည်ဖြစ်ပြီး နှစ်ထပ်လမ်း ပေါ်မှ မြို့တွင်း လမ်းမများသို့ ဝင်ရောက်နိုင်ရန် အတက်၊ အဆင်းလမ်းငယ် ၁၅ ခုခန့် ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။