မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရေးဆိုင်ရာ သတင်းရေးသား ဖော်ပြမှု များသည် လွန်ခဲ့သောနှစ်များနှင့် နှိုင်းစာလျင် ပိုပိုကျယ်ပြန့်လာ သော်လည်း ထိုအကြောင်းအရာအပေါ် စိတ်ဝင်တစားဖတ်ရှုသူများ ရရန် စိန်ခေါ်မှု ရှိနေကြောင်း ဇူလိုင်လ ၆ရက်နေ့တွင် ရန်ကုန်၌ ကျင်းပခဲ့သော မီဒီယာနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းဖိုရမ်တွင် ပါဝင်သူများက ပြောသည်။
“အမျိုးသမီး၊ မီဒီယာနှင့် ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ဖိုရမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီး များ၏ အခန်းကဏ္ဍနှင့် မီဒီယာတွင် ဖော်ပြခံရမှုကို အလေးပေး ဆွေးနွေးခဲ့ကြပြီး ဦးဆောင် ဆွေးနွေး သူများတွင် ငြိမ်းဖောင်ဒေးရှင်း၊ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (WFFP)၊ မြန်မာ သတင်းအချက်အလက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) နှင့် အလဲဗင်းမီဒီယာအုပ်စု တို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲ တက်ရောက်သူများက ငြိမ်းချမ်းရေးတည်ဆောက်ခြင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မီဒီယာ၌ ပိုမိုရေးသားဖော်ပြရန် တိုက်တွန်းခဲ့ပြီး အမျိုးသမီးများ၏ အသံနှင့် စိုးရိမ်ပူပန်မှုများကို အလေးပေး ဖော်ပြသော သတင်းများ နည်းပါးကြောင်း ထောက်ပြခဲ့သည်။
ဖိုရမ်များတွင် သာမာန် သတင်းယူရေးသား ခြင်းထက် ဂျာနယ်လစ်များအနေဖြင့် “ပိုမို စိတ်ဝင်စားစရာကောင်း” ၍ ဆန်းသစ်သော အမြင်ရှုထောင့်များမှ အမျိုးသမီးများ နှင့် ငြိမ်းချမ်းရေး ကဲ့သို့ အကြောင်းအရာများကို ကြိုးစားရေး သားသင့်ကြောင်း သတင်းစာပညာ လေ့ကျင့်သင်ကြားပေးသူ ဦးမြင့်ကျော်က ဧရာဝတီသတင်းဌာနသို့ ပြော သည်။
Eleven Media Group မှ အမှုဆောင်အယ်ဒီတာ ဦးနေထွန်းနိုင်က ထိုကဲ့သို့သတင်းရေးသားဖော်ပြမှုများသည် စာဖတ်ပရိသတ်စိတ်ဝင်စားမှုအပေါ်တွင် မူတည်လေ့ရှိသည်ကို ထောက်ပြသည်။ စာဖတ်သူအများစုက အမျိုးသမီးများကို ဦးဆောင်သူများအဖြစ် ပုံဖော်ရေးသားသည့် သတင်းဆောင်းပါးထက်၊ ကျူးလွန်ခံရသည့် အမျိုးသမီးများအကြောင်း သတင်းကို ပိုမို စိတ်ဝင်စားလေ့ရှိသည်ကို တွေ့ရကြောင်း ပြောဆိုသည်။
ငြိမ်းဖောင်ဒေးရှင်း၏ Social Integration for Peace ပရိုဂရမ်မှ ကိုအော်ဒီနေတာ မနန်းရှန် က နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုအပေါ် မီဒီယာက အဓိကထား ဖော်ပြမှုမှာ ဖော်ပြသည့်သတင်းပုဒ်ရေ အရေအတွက်နှင့် သတင်းရေးသားမှု အရည်အသွေး နှစ်ခုစလုံး မြင့်မားလာသည်ဟု ဆိုပြီး ထိုသို့ သတင်း ဖော်ပြမှုများ ဆက်လက် ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ပိုပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရမယ်လို့ ခံစား ရတယ်။” ဟု သူက ဆိုသည်။ သို့သော် မြန်မာ့အနာဂတ်နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းရမည်ဖြစ်ပြီး စိန်ခေါ်မှုများ ရှိကြောင်း မနန်းရှန်က ပြောသည်။
အမျိုးသမီး အဖွဲ့အစည်းများသည် ၂၀၁၂ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင်ခဲ့ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် တောင်းဆိုခဲ့ရာ ထိုအတွက် ၂၀၁၅ ခုနှစ် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) တွင် တစုံတရာ အသိအမှတ်ပြုခံခဲ့ရသည်။ သို့သော် အမျိုးသမီးရေး လှုပ်ရှားသူများ မျှော်လင့်သော နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီး ပါဝင်မှု ၃၀ ရာခိုင်နှုန်း ခွဲတမ်း ရရှိရေးကိုမူ ယခုထိ အကောင်အထည် မဖော်သေးပါ။
နေပြည်တော်တွင် သြဂုတ်လ၌ ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံဖော်ထားသော ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးနှင့် စစ်ရေးအကြောင်းအရာများကို အဓိကထား ဆွေးနွေးမည် ဖြစ်ပြီး၊ နောက်ထပ် အရေးကြီးအကြောင်းအရာများဖြစ်သည့် လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် အမျိုးသမီးအရေး စသည်တို့ကို အရပ်ဖက်လူ့အဖွဲ့အစည်းများ (CSOs) ဖိုရမ်တွင် ဆွေးနွေးသွားရန် ပြောဆို ထားသည်။
ထို သမိုင်းဝင်ဆွေးနွေးပွဲတွင် အမျိုးသမီးများအသံ ပါဝင်နိုင်ရန်အတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားရမည် ဖြစ်ကြောင်း မနန်းရှန်က ပြောသည်။
“ငြိမ်းချမ်းရေး ညီလာခံမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အသံတွေ ထင်ဟပ်ဖော်ပြခွင့်ရဖို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျမတို့ လည်း နည်းလမ်းရှာနေပါတယ်။”ဟု မနန်းရှန်က ပြောသည်။
လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိုညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်နေရာတွင် ငြိမ်းချမ်းရေးအတွက် ကျားမ တန်း တူရေး မဟာမိတ်အဖွဲ့ (AGIPP) နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ် (CSFoP) တို့မှ အမျိုးသမီး (၅) ဦးအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ် ထားသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လူကိုယ်တိုင် တက်ရောက် ဆွေးနွေးရန်အတွက်မူ မသေချာ သေးပေ။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်အမတ်စုစုပေါင်း ၁၃ ရာခိုင်ရာခိုင်နှုန်းသာ ရှိပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဝန်ကြီးဌာန ၂ ခု၏ ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အစိုးရအဖွဲ့တွင် တဦးတည်းသော ဦးဆောင်အမျိုးသမီးဖြစ်ကြောင်း၊ တခြား အစိုးရအဖွဲ့ဝင် အမျိုးသမီးနှစ်ဦးမှာ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်များ ဖြစ်ပြီး ရပ်ကျေးအဆင့် အုပ်ချုပ်ရေးတွင် အမျိုးသမီးကျေးရွာ အုပ်ချုပ်ရေးမှူး အရေအတွက်မှာ ၀ ဒဿမ ၂ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရှိရသည်။