မလေးရှားနိုင်ငံ ပီနန်ပြည်နယ် နာကာဆာရီတွင် ယနေ့နံနက်ပိုင်းက ဓားမြတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား ၃ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။
အသတ်ခံခဲ့ရသည့် မြန်မာ အလုပ်သမားများသည် ယနေ့ နံနက် ၆ နာရီဝန်းကျင်က အလုပ်သွားရန်ပြင်ဆင်နေကြစဉ် ၎င်း တို့ အခန်းအနီး၌ ဓားမြတိုက်မှုဖြစ်ပွားကြောင်း၊ ဓားမြတိုက်ခံရသည့် အိမ်နီးချင်းအား ကူညီပေးကြရန် ၎င်းတို့က အော်ဟစ် အကူအညီ တောင်းနေစဉ် မျက်နှာဖုံးစွပ် လူ ၂ ဦးက အသင့်ယူဆောင်လာသည့် ဓားဖြင့်ခုတ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒါန ကုသလ နာရေး ကူညီမှုအသင်း (ဘာတာဝပ် ) ဥက္ကဋ္ဌ ဦးရဲက ဧရာဝတီကို ပြောသည်။
“အနီးအနားမှာ လုယက်မှုဖြစ်နေတော့ အော်ကြတာ။ ဓားမြတွေကလည်း တွေ့တဲ့လူတွေကို ရှင်းပစ်တဲ့သဘောပါ၊ ရည်ရွယ်ချက်နဲ့ သတ်တာမျိုး မဟုတ်ပါဘူး။ လုယက်မှု တခုပါပဲ။ ၃ ယောက်ကပွဲချင်းပြီး သေဆုံးပြီးတော့ ဆေးရုံမှာ တယောက် တင်ထားရပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
သေဆုံးသူ လူငယ်များသည် စက်ရုံအလုပ်သမားများ ဖြစ်ကြပြီး မန္တလေးတိုင်း ပျော်ဘွယ်မြို့ဘက်မှ လာရောက် လုပ် ကိုင်သူများ ဖြစ်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ဦးရဲက ဆက်ပြောသည်။
မြန်မာ အလုပ်သမားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာသံရုံး အနေဖြင့် မလေးရှား အာဏာပိုင်များနှင့် ပူးပေါင်းပြီး အသေးစိတ် စုံစမ်းနေကြောင်းနှင့် အချက်အလက် ပြည့်စုံပါက သတင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ အဖြစ် အပျက်သည် ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက် ဆက်စပ်ခြင်းမရှိကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ တာဝန် ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို ဘာတာဝပ် အရပ်ရှိ ဆေးရုံတခုတွင် ထားရှိပြီး ၎င်းတို့နှင့်ပတ်သက်သော အချက် အလက်များကို အသေးစိတ်စုံစမ်းပြီးပါက ဈာပန အခမ်းအနား ကျင်းပသွားမည်ဟု သိရသည်။
ဘာတာဝပ် အရပ်၌ မြန်မာအလုပ်သမားများ အပါအဝင် တခြားနိုင်ငံသားများလည်း နေထိုင်ကြကြောင်း၊ ခိုးမှု၊ လုယက် မှုများလည်း ယခင်က ဖြစ်ပွားလေ့ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အမျိုးသမီးငယ်နှစ်ဦး အသတ်ခံရမှုတခု ဖြစ်ပွားခဲ့ကြောင်း ဘာတာဝပ်ရှိ မြန်မာတချို့က ပြောဆိုသည်။