အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်မှာ ဆည်မြောင်း၊ တာတမံတွေကို အသစ်ဆောက်လုပ်ဖို့ လုံး၀ မရှိဘဲ ဆည်မြောင်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း ထက်ဝက်လျှော့ချဖို့ ဆုံးဖြတ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောဆိုလိုက်ပါတယ်။
လက်ရှိ ရှိနေတဲ့ ဆည်မြောင်း ၁၀၀ ကျော်အပြင် ထပ်မဆောက်တော့ဖို့နဲ့ မြစ်ရေတင် လုပ်ငန်း ၂၀၀ နီးပါးကိုလည်း ဖျက်သိမ်းဖို့ ဝန်ကြီးဌာနက ဆုံးဖြတ်ထား တယ်လို့ ဝန်ကြီးက နေပြည်တော်မှာ ဇူလိုင်လ ၈ ရက်နေ့ မီဒီယာတချို့နဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။
ဒေါက်တာ ထွန်းဝင်းက“၁၉ ၈၈ ခုနှစ် ကတည်းက ဆည်တွေ ဆောက်လာလိုက်တာ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တယ်။ လယ်သမားတွေအတွက် အကျိုး ရှိလား၊ ဆန်စပါးတွေ အထွက်တိုးလား သွားကြည့်။ ဆည်ရေသောက် စပါးက ၁၀ ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းပဲ။
၉၀ ရာခိုင်နှုန်းက မသေချာတဲ့ မိုးကိုပဲ စောင့် နေရတာ။ အဲဒီတော့ ဆည်တွေ ဆောက်ခြင်းဖြင့် တိုင်းပြည်တိုးတက်အောင်၊ တခုခု တိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုတာ သေချာနေပြီ”လို့ ဆိုပါတယ်။
ဆည်များ မရှိခဲ့စဉ် ၁၉၉၂ ခုနှစ်မှာ တရုတ်ပြည်ကို ဆန် ၁ ဒသမ ၅ သန်း ပို့နိုင်ခဲ့ပြီး ၂၀၁၅ မှာလည်း ဆန် ၁ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့တာမို့ ဘာမှ ပြောင်းလဲမှုမရှိကြောင်း သူက ဆိုပါတယ်။
ဆည်ဆောက်ဖို့နဲ့ ပြုပြင်ထိန်းသိမ်း စရိတ်တွေအတွက် နှစ်စဉ် ကျပ်သန်းပေါင်း နှစ်သောင်းလေးထောင် သုံးစွဲနေရာကနေ လာမယ့်နှစ် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်ကနေစပြီး ကျပ်သန်းပေါင်း တသောင်းနှစ်ထောင်ပဲ သုံးစွဲတော့မှာဖြစ်ကြောင်း၊ တနှစ်မှာ ဆည်ရေကို သုံးပြီ စိုက်လို့ရတဲ့ စပါးစိုက်ဧက ဧရိယာ ၂ သန်းပဲ ရှိပြီး မိုးစပါး စိုက်ဧကက ၁၅ သန်းအထိ ရှိနေတာကို မိုးစပါး စိုက်ဖို့ ဆည်ရေမပေးဘဲ နွေးစပါးစိုက်ဖို့၊ ဆည်ကို လူကြီးလာစစ်ရင် ရေရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆည်ရေကို ထိန်းထားတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“တကယ် မိုးစပါး စိုက်ဖို့အတွက် ရေလိုတဲ့အခါကျတော့ ဆည်ရေကို မပေးဘဲ နွေစပါးအတွက် ထိန်းထားတယ်။ နောက်ပြီး ဆည်ရေကို အပြည့်လှောင်ထားပြီး VIP Visit လာတဲ့အခါ ပြတယ်။ ဆည်ရေက စိုက်ပျိုးဖို့ မဟုတ်ဘဲ လူကြီးလာရင် ပြဖို့ဆိုတဲ့ ဟာကြီးက မဖြစ်သင့်တော့ဘူး”လို့ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း က ဆိုပါတယ်။
အရင်က ဆည်ဆိုလို့ရှိရင် နွေစပါးပဲ စိုက်ရမယ်ဆိုတဲ့ ဗျူရိုကရေစီ ယန္တရားအရ လယ်သမားကလည်း ရေမတောင်းရဲတဲ့အတွက် မိုးစပါး စိုက်တဲ့အခါမှာ ဆည် နားမှာရှိတဲ့ လယ်သမားတွေက ဆည်ရေကို သုံးရမှန်း မသိတာ၊ မိုးတွင်းဆိုတာကလည်း မိုးခေါင်တဲ့ အခါမျိုးလည်း ရှိတော့ လယ်သမားမှာ ဒုက္ခရောက်ခဲ့ ရတယ်လို့ သူက ဆိုပါတယ်။
“အခု မိုးတွင်းမှာလည်း လယ်သမား လိုတဲ့အချိန် ရေထုတ်ပေးဖို့ကို ညွှန်ကြားထားတယ်။ ဒါပြောင်းလဲမှုပဲ။ ပြောင်းလဲချိန်တန်ပြီ မဟုတ်တော့ဘူး။ ပြောင်းလဲမှု စနေပြီ”လို့ ဒုဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် စပ်မျိုးစပါး စိုက်ပျိုးမှုတွေကိုလည်း ရပ်နားထားမှာ ဖြစ်ပြီး အဲဒီမျိုးစပါးကို တရုတ်ပြည်ကနေ ဈေးကြီးပေး ဝယ်ယူရတဲ့အပြင် စားသုံးသူမှာလည်း အဆင်မပြေ၊ နိုင်ငံတကာ ဈေးကွက်လည်း မရှိတဲ့အတွက်ကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်ပြီး နောက်ပိုင်းမှာ မျိုးစပါးတွေကို ကိုယ်ပိုင် ထုတ်လုပ်လာနိုင် အောင် သုတေသနပြု စမ်းသပ်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။