ထိုင်းနိုင်ငံတောင်ပိုင်း ပတ်သနီခရိုင်က ပတ်သနီ ငါးဖမ်းလှေဆိပ်တွင် ရေလုပ်သားအဖြစ် ရောင်းစားခံထားရသည့် မြန်မာ နိုင်ငံသား အလုပ်သမား ၁၉ ဦးကို ပယ်လယ်ပြင် မထွက်မီအချိန်အတွင်း ထိုင်းနှင့် မြန်မာ ပူးပေါင်း အဖွဲ့များက အချိန်မီ ကယ်တင် လိုက်နိုင်ခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင် ခိုင်းစေမည့် မြန်မာ ၁၉ ဦးကို ပတ်သနီ ငါးဖမ်းလှေဆိပ်တွင် ဆိုက်ကပ်ထားသည့် လှေ ဝမ်းဗိုက် ထဲတွင် ပိတ်လှောင်ထားစဉ် ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ (AHTD)၊ နယ်မြေခံ ရဲတပ် ဖွဲ့နှင့် မြန်မာသံရုံး အလုပ်သမား ကော်မတီဝင် ဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) တို့က ယခုလ ၁၀ ရက်နေ့တွင် စီးနင်း ကယ်တင်ခဲ့ခြင်း ဖြစ်ကြောင်း MAT က ပြောသည်။
ကိုယ်တိုင် ဝင်ရောက် ကယ်တင်ခဲ့သူ MAT ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုင်းအေး က “ကျနော်တို့ သတင်းကြိုရထားတာက ၆ ယောက် ပဲ။ ဝင်စီးတဲ့အချိန်မှာ သူတို့ကို လှေဝမ်းဗိုက်ထဲ ထည့်ပြီး ပိတ်ထားတယ်။ ဖွင့်လိုက်တော့ မြန်မာနိုင်ငံသား နောက် ထပ် ၁၃ ယောက်ပါ အထဲမှာရှိနေတယ်။ သူတို့ကိုပါ တခါတည်း ကယ်တင်နိုင်ခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လွတ်မြောက်လာသည့် ၁၉ ဦးထဲတွင် အသက် ၁၃ နှစ်အရွယ်မှ ၃၄ နှစ်အထိ ပါဝင်ပြီး ၎င်းတို့အား မူလက ခေါ်ဆောင်ခဲ့ရာတွင် စက်ရုံတွင် တလ ဘတ် ၈၅၀၀ (ကျပ် ၂ သိန်းခွဲခန့်) ရမည်ဟု လူပွဲစားများက ခေါ်ဆောင်ခဲ့ပြီး နယ်စပ်၌ ပွဲစား အဆင့်ဆင့် လက်ဆင့်ကမ်း ခေါ်ဆောင်လာခဲ့ပြီး နောက်ဆုံးတွင် ငါးဖမ်းလှေသို့ ပို့ဆောင်ခံခဲ့ရကြောင်း လွတ်မြောက်လာ သူ များက ပြောပြသည်။
လွတ်မြောက်လာသူ လူငယ်တဦး က “ကျနော်တို့ က သံဖြူဇရပ်က၊ ဘောင်းဘီစက်ရုံမှာ တလ ဘတ် ၈၅၀၀ ရမယ်ဆိုပြီး ပွဲစားက ပြောတယ်။ ပိုက်ဆံတော့ တပြားမှ မပေးခဲ့ရဘူး။ ဒီမှာ အလုပ်လုပ်ပြီးမှ ဘတ် ၂ သောင်းပြန်ဆပ်ဆိုပြီး ခေါ်လာ တာ။ ထားဝယ်မှာ ကတည်းက ပွဲစားအဆင့်ဆင့် ချိန်းပြီး စက်ရုံမှာ မပို့ဘဲနဲ့ ဒီလှေကိုပို့လိုက်တာ” ဟု ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ငါးဖမ်းလှေပိုင်ရှင်၊ လှေဦးစီးတချို့နှင့် မြန်မာ အလုပ်သမားများကို ငါးဖမ်းလှေသို့ ပို့ဆောင်ခဲ့ သည့် လူကုန်ကူးပွဲစားဟု ထိုင်းရဲက ယူဆထားသူ မြန်မာအမျိုးသမီး တဦးကို ပတ်သနီ ရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။
“သူတို့ကို စစ်ဆေးနေတယ်။ လူကုန်ကူးမှု မြောက်တယ်ဆိုရင် ကလေးတွေကိုလည်း လျော်ကြေးပေးရမယ့် အပြင် သူတို့ လည်း အရေးယူခံရမယ့် အခြေအနေရှိပါတယ်လို့ ပြောပါတယ်။ မြန်မာ ကလေးတွေကတော့ အမှုပြီးရင် နေရပ်ရင်း ပြန်ပို့မှာပါ”ဟု ကိုစိုင်းအေး က ပြောသည်။
လွတ်မြောက်လာသူ မြန်မာ ၁၉ ဦးကိုလည်း ပတ်သနီ ရဲစခန်းမှာပင် ထားရှိပြီး ၎င်းတို့ တွေ့ကြုံခဲ့ရသည့် အခြေအနေများ နှင့် ပတ်သက်၍ လူကုန်ကူးမှု မြောက်မမြောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးမှုများပြုလုပ်ပြီးလျှင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက ပင်လယ်ပြင် ငါးဖမ်းလှေများတွင် မြန်မာနိုင်ငံသားများ မကြာခဏ ဆိုသကဲ့သို့ ရောင်းစားခံနေရပြီး ယင်းသို့ ရောင်းစား ခံကြရသူများသည် မြန်မာနိုင်ငံတွင် စားဝတ်နေရေး အဆင်မပြေမှု၊ အလုပ်အကိုင် ရှားပါးမှုတို့မှ တဆင့် ဖြစ်ပေါ်လာခဲ့ကြရခြင်း ဖြစ်ကြောင်း MAT အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။
ဦးကျော်သောင်း က “ဒီမှာ ရောင်းစား ခံနေကြရတာ အကြိမ်ပေါင်းလည်း မနည်းဘူး။ ဒါပေမယ့်လည်း ထပ်တက် လာကြ တာပဲ။ ထပ်ရောင်းစား ခံရတာပဲ။ အဓိကကတော့ ကျနော်တို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိတာဘဲ။ စက်ရုံ အလုပ်ရုံတွေနဲ့ လယ်ယာ စိုက်ပျိုးရေးတွေကို အစိုးရသစ်က ထွန်းကားအောင် လုပ်ဆောင်ပေးနိုင်မယ် ဆိုရင် တော့ ဒီပြဿနာတွေက လျော့ကျ သွားမယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
MAT အဖွဲ့ သည် ထိုင်းအစိုး& လူကုန်ကူးမှု အထူးစုံစမ်းရေး ဌာန (DSI)၊ ထိုင်းဘုရင့် ကွန်မန်ဒို တပ်ဖွဲ့၊ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ (AHTD) တို့နှင့်အတူ ယခု နောက်ဆုံး အကြိမ်အပါအဝင် ၂၀၁၆ ခုနှစ် အတွင်း လူကုန်ကူးခံရသူများကို ကယ်တင်ခဲ့ရာတွင် အကြိမ် ၂၀ အောင်မြင်မှု ရရှိခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၃၀၂ ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။
MAT သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးခံနေရသူများကို ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းပြီး အများဆုံး ကယ်တင်နိုင် သည့် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်း တခုလည်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ၅၀ ၊ ၂၀၁၂ ခုနှစ် တွင် ၂၉၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၂၆၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ နှင့် ၂၀၁၅ ခုနှစ်တွင် ၁၇၄ ဦးတို့ကို MAT အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း MAT အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။