မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန်နှင့် အမျိုးသမီး အခွင့်အရေးများ ပိုမို ရရှိရန် အတွက် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု အစိုးရက ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပနေသည့် အမျိုးသမီးများ အပေါ် ခွဲခြား နှိမ့်ချမှု ပပျောက်ရေး (CEDAW – Convention on the Elimination of all Forms of Discrimination Against Women ) ကုလသမဂ္ဂ ညီလာခံတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်းညီလာခံသို့ တက်ရန် ရောက်ရှိနေသည့် အစိုးရအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများကြား ဇူလိုင် ၇ ရက်က သီးသန့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အရပ်ဘက် အဖွဲ့ ကိုယ်စားလှယ်များက ပြောသည်။
“အားရစရာ တခုက အမျိုးသမီး အခွင့်အရေး လုပ်ဆောင်တဲ့အခါမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ အစိုးရက ပူးပေါင်းဆောင်ရွက်မယ်လို့ ကျမတို့နဲ့ ညီလာခံအပြီး သီးသန့်တွေ့ဆုံမှုမှာ ထည့်ပြောသွားတယ်။ နောက်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေမူကြမ်းမှာလဲ မုဒိန်းမှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကျမတို့ တင်ပြထားတဲ့အတိုင်း ပြင်ဆင်ထားတယ်လို့ ပြောသွားတယ်”ဟု စီဒေါ အစည်းအဝေးကို တက်ရောက်ခဲ့သည့် ကျား-မ တန်းတူညီမျှရေး ကွန်ရက် (GEN) ကိုယ်စားလှယ် မနန်းဖြူဖြူလင်းက ပြောပြသည်။
ယနေ့ ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် စီဒေါ (CEDAW) ညီလာခံကို တင်သွင်းခဲ့သည့် CEDAW NGO Shadow Report နှင့် ပတ်သက်ပြီး စီဒေါ ညီလာခံသို့ တက်ရောက်ခဲ့သည့် အဖွဲ့အစည်း ၆ ဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ သည်။
သတင်းစာ ရှင်းလင်းပွဲတွင် GEN မှ ကိုယ်စားလှယ် တဦး ဖြစ်သူ ဒေါ်မေစံပယ်ဖြူ ကလည်း အစိုးရအနေနှင့် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု၏ အဓိပ္ပာယ်ကို တိတိကျကျ သိရှိသေးခြင်း မရှိကြောင်း ပြောကြားသွားခဲ့သည်။
“အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုလို့ ပြောတဲ့နေရာမှာ အစိုးရဘက်က ခွဲခြားဆက်ဆံမှုရဲ့ အဓိပ္ပာယ်ကို တိတိကျကျ မသိသေးဘူး။ အလုပ်လုပ်ပိုင်ခွင့်လို့ ပြောလိုက်ပြီဆို ကျောင်းဆရာမနေရာ၊ သူနာပြုဆရာမတွေလို နေရာတွေကို ထည့်သွင်းပြီး အမြဲပြောတယ်။ ကျမတို့ ပြောတာက နိုင်ငံတော် အဆင့် ဆုံးဖြတ်ချက် ချရတဲ့ ခေါင်းဆောင်နေရာ တွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေသေးတာကို ပြောတာပါ”ဟု ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ထို့နောက် အရပ်ဘက် အဖွဲ့အစည်းများမှ ဝေဖန်ကန့်ကွက်နေသည့် တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ တွင် အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး စီဒေါ ကော်မတီမှ အစိုးရ ကို မေးမြန်းရာတွင် ဖြေကြားပေးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း အမျိုးသမီးအဖွဲ့များ ကွန်ရက် (Women Organization Network)မှ ကိုယ်စားလှယ် မမြဉ္စူ ကလည်း ပြောကြားသည်။
“စီဒေါ ကော်မတီက ဒီဥပဒေတွေကို တိုက်ရိုက်မေးတဲ့အခါမှာ အစိုးရဘက်က သူတို့ အနေနဲ့ ဒီမေးခွန်းကို ပြန်လည် ဖြေကြားခွင့် မရှိဘူးလို့ ပြောတယ်။ သူတို့နဲ့ အတူ ဒီဥပဒေကို ရေးဆွဲတဲ့ ဥပဒေ ပညာရှင် မပါလာဘူးဆိုပြီး ရှောင်ဖြေ သွားတယ်။ ဒါပေမယ့် ကော်မတီဘက်က ၄၈ နာရီအတွင်း ပြန်ဖြေပေးဖို့ ပြန်ပြောခဲ့တယ်”ဟုလည်း မမြဉ္စူက ဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် အဖွဲ့အစည်းများ၏ ပြောကြားချက်များအရ လက်ရှိ အချိန်အထိ အစိုးရ၏ ဖြေကြားချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များသည် အမျိုးသမီး အခွင့်အရေးကို အပြည့်အ၀ ပေးထားကြောင်း ပြောကြားမှုများကို တွေ့နေရဆဲ ဖြစ်သည့်အတွက် အစိုးရ၏ သဘောထားသည် သိသိသာသာ ပြောင်းလဲသွားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
စီဒေါ အစည်းအဝေးတွင် မြန်မာနိုင်ငံ အစိုးရ၏ ပြန်လည် ဖြေကြားချက်များတွင် အစိုးရအနေနှင့် နိုင်ငံတော် အဆင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံကိန်းများကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် ရှိကြောင်း၊ အမျိုးသမီး များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နိုင်ရန် ဘတ်ဂျက် ရရှိနိုင်ရန်လည်း ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု ဆိုသည်။
အစိုးရ အနေနှင့် စီဒေါ အစည်းအဝေးတွင် စီဒေါကော်မတီ၏ မေးမြန်းချက်များအပေါ် ဖြေကြားချက်များနှင့် ကတိပေး ပြောကြားချက်များကို လာမည့် ၄ နှစ်တွင် အကောင်အထည် ဖော်ဆောင်ပြရမည် ဖြစ်ပြီး ယင်းတိုးတက်မှု အခြေ အနေများကို စီဒေါကော်မတီကို ပြန်လည် တင်ပြရမည် ဖြစ်ကြောင်း သိရသည်။