ရွှေတူးဖော်ရေးလုပ်ငန်းများမှ မြေစာများ ချင်းတွင်းမြစ်သို့ စီးဝင်ခြင်းကြောင့် မြစ်ကြမ်းပြင်မြင့်တက်ကာ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးခရိုင်တွင် ပြီးခဲ့သည့်နှစ်ထက် ရေကြီးမှုပိုမြန်လာကြောင်း ဒေသခံများက ပြောသည်။
“ရေကြီးတာ တနှစ်ထက်တနှစ် ပိုမြန်လာတယ်။ ရွှေတူးဖော်ရေးလုပ်ငန်းက မြေစာတွေကနှုံးအဖြစ် မြစ်ထဲစီးဝင်တာကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာကြောင့် ရေကြီးမှုပိုမြန်လာတယ်” ဟု ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ဧရာဝတီကို ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုလဆန်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာကာ ခန္တီးမြို့၌ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာရှိနေပြီး ဇူလိုင် ၅ ရက်မှ စတင်၍ စိုးရိမ်ရေမှတ် အထက်သို့ရောက်ခဲ့ပြီး ၃ ရက်ကြာပြီးချိန်တွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းခဲ့သည်ဟု ခန္တီးမြို့နယ်
မိုးလေဝသနှင့် ဇလဗေဒရုံးက ထုတ်ပြန်ပြောဆိုသည်။
ခန္တီးမြို့ခံ ကိုမင်းမင်းက “နှစ်တိုင်းလိုလို မြစ်ရေတက်ပေမယ့် မြို့ထဲကိုတန်းပြီး ရေမရောက်ဘူး။ အခုတော့ ချင်းတွင်းမြစ်ရေ ကြီးတာနဲ့ မြို့ထဲ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေပြီ။ မြို့ထဲကို ရေဝင်တာ မနှစ်က ပိုမြန်တယ်” ဟု ပြောသည်။
ခန္တီးမြို့နယ်အတွင်း မြစ်ရေကြီးပြီး ရေဝင်နေသည့် ပေါမိုင်းနှင့် မြို့မရပ်ကွက်တို့တွင် လူတရပ်စာနီးပါး ရေအနက်ရှိနေကြောင်း၊ တချို့ကျေးရွာများသည် အကုန်မြုပ်နေသဖြင့် မြို့နယ်ရေဘေးကာကွယ်ရေး ကြီးကြပ်မှုကော်မတီက ကယ်ဆယ်ရေးပစ္စည်းနှင့် အစားအစာများ လာရောက်ပေးဝေကြောင်း ဒေသခံများက ပြောသည်။
ချင်းတွင်းမြစ်အထက် မြစ်ရိုးတလျှောက်တွင် ၂၀၀၂ ခုနှစ်မှစတင်၍ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ချထားပေးခဲ့ရာ ရွှေလုပ်ကွက်များမှ ထွက်ရှိလာသည့် မြေစာများအား ချင်းတွင်းမြစ်ထဲသို့ စွန့်ပစ်ခြင်းအပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ချင်းတွင်းမြစ်အထက်တွင် ထမံသီဆည်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက်
သစ်များအလွန်အကျွံ ခုတ်ယူခြင်းတို့ကြောင့် မြစ်ရေကြီးမှု ပိုဆိုးရွားလာသည်ဟု ခန္တီးခရိုင် သဘာဝသယံဇာတတူးဖော်ရေး
လုပ်ငန်းများ ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ (MATA) မှ အဖွဲ့ဝင် ကိုအောင်ဆန်းမြင့်က ပြောသည်။
“ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေက စည်းကမ်းမရှိ လုပ်နေကြတာများတယ်။ မြစ်ရဲ့ကိုက် ၃၀၀ အကွာမှာ လုပ်ရမယ်ပြောပေမယ့် မြစ်ဘေးမှာပဲလုပ်ကြတယ်။ စစ်ဆေးတဲ့အဖွဲ့တွေကလည်း တကယ်မစစ်ဘဲ ပိုက်ဆံယူပြီး ပြန်သွားကြတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ခန္တီးမြို့ နယ်နိမိတ်အတွင်းရှိ ချင်းတွင်းမြစ်ရိုးတလျှောက်တွင် လုပ်ပိုင်ခွင့်ချထားပေးသည့် ရွှေတူးဖော်ရေး လုပ်ငန်းပေါင်း ၁၀၀ ခန့်ရှိပြီး၊ ထိုလုပ်ငန်းများအား လိုင်စင်ချထားပေးသည့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးကြီးကြပ်သည့်အပိုင်း အားနည်းနေ၍ ထိုပြဿနာရပ်များကို ဖြေရှင်းပေးပါရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံ ဧပြီလကတည်းက တင်ပြထားကြောင်း MATA အဖွဲ့က ပြောသည်။
ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် ခန္တီး၊ ဟုမ္မလင်းမြို့များသည် နှစ်စဉ်လိုလို မိုးရာသီတွင် မြစ်ရေကြီးမှုများ ဖြစ်ပွားလေ့ရှိပြီး ၁၉၉၀ ခုနှစ်မှ စတင်ကာ ခန္တီးမြို့သည် ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်အထက်တွင် နှစ်စဉ်ရောက်ရှိခဲ့ပြီး ရေလွှမ်းမိုးခံရသည့် မြို့လည်းဖြစ်သည်။
လက်ရှိအချိန်တွင် ခန္တီးခရိုင်အတွင်းရှိ ရပ်ကွက် ၃ ခု၊ ကျေးရွာပေါင်း ၈ ရွာမှ လူဦးကျော် ၇၀၀ နီးပါးခန့် ရေဘေးသင့်နေကြောင်း ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောသည်။
မုံရွာတက္ကသိုလ်မှ ဘူမိဗေဒပါမောက္ခ ဒေါက်တာဇော်မြင့်နီက “ မြစ်ရဲ့ရေမျက်နှာ အသွင်အပြင်နဲ့ ရေဆင်းစနစ်တွေဟာ သဘာဝအရ စနစ်တကျ ရှိခဲ့တာပါ။ လူတွေရဲ့ မဆင်မခြင်လုပ်ကိုင်ပြုမူပုံတွေက ဒါတွေကိုသွားပြီး အနှောင့်အယှက် ဖြစ်စေရင် သဘာဝရဲ့စနစ်တွေ အားလုံးအောက်သွားမှာပါ။ အဲဒီလိုဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ ရေကြီးခြင်း ပမာဏတွေ၊ အကြိမ်ရေတွေ များလာနိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
မြစ်ရေကြီးမှုဖြစ်စဉ်မှ ကာကွယ်ရန် မြစ်ဧရိယာအတွင်းရှိ ရေဆင်းစနစ်များအား စနစ်တကျ ပြန်လည်ဖော်ဆောင်ပြီး မြစ်ကြောင်းများ မူလအတိုင်း စီးဆင်းနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။