သတင်း

NRPC ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူ

This article has been converted from Zawgyi One to Unicode

အစိုးရသစ်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို ဖွဲ့စည်းလိုက်ပြီး ထိုအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်မူဝါဒများ ချမှတ်ပေးခြင်းနှင့် ဦးဆောင် လမ်းညွှန်မှုပေးခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သမ္မတ ဦးထင်ကျော် အမိန့်ဖြင့် ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် NRPC အဖွဲ့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများ ချမှတ်ခြင်းများ ပြုလုပ်ခွင့် ရှိမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လက်နက်ကိုင် အင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ် အသီးသီးမှ ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေ ချောမွှေ့စွာ ပူးပေါင်း ပါဝင်နိုင်ရန် လိုအပ်သည့် ဦးဆောင် လမ်းညွှန်မှုလည်း ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံအား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်း၊ ဗဟိုဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြား ချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် အကြံပေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဖွဲ့စည်းခန့်အပ် တာဝန်ပေးနိုင်ကြောင်း လည်း သိရသည်။

NRPC တွင် ဥက္ကဌ တဦး၊ ဒုဥက္ကဌ နှစ်ဦး၊ အဖွဲ့ဝင် ၇ ဦးနှင့် အတွင်းရေးမှူး ၁ ဦး ပါဝင်ပြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိုအထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ သုံးဦး ပါဝင်သည်။

အဆိုပါ အဖွဲ့တွင် ဒုက္ကဌ (၁) အဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေ၊ ဒုဥက္ကဌ (၂) အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း တို့က တာဝန်ယူမည်ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့လည်း ပါဝင်သည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ဦးခွန်မောင်သောင်း (ပင်လောင်းမဲဆန္ဒနယ်)၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဒေါ်ရှီလာနန်းတောင် (ခ) ဒေါ်အမ်နန်တောင် တို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သည်။

အတွင်းရေးမှူးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

Loading