ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အင်းမတိုက်နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ သတင်းရေးသားခဲ့သည့် The Ladies ဂျာနယ်မှ နယ်မြေခံသတင်းထောက် မောင်မဲ(ပြည်)၊ သတင်းအယ်ဒီတာ ကိုစိုင်းစိုင်းနှင့် လယ်ယာမြေသိမ်းဆည်းခံရသူ တောင်သူဦးပြုံးချိုတို့ကို ဒုဗိုလ်မှူးကြီး(အငြိမ်းစား) ဦးခင်မောင် ဝင်း က အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့ပြီး သဲကုန်းမြို့နယ်တရားရုံးက ဒဏ်ငွေ ၂၀၀၀၀ စီပေးဆောင် ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် အဆိုပါအမှုကို တရားရုံးတင်ခဲ့ခြင်းဖြစ်ပြီး အချိန် ၂ နှစ်ခွဲ ကျော် ရုံးချိန်းပေါင်း ၅၀ ကျော် အမှုစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသည်ဟုဆိုကာ သတင်းသမား ၂ ဦးနှင့် တောင်သူ တဦးလျှင် ဒဏ်ငွေကျပ် ၂၀၀၀၀ စီပေးဆောင်ရန်နှင့် ဒဏ်ငွေ မပေးဆောင်နိုင်ပါက အလုပ်မဲ့ ထောင်ဒဏ် ၆ လစီကျခံရန် ဇူလိုင်လ ၁၂ ရက်နေ့ သဲကုန်းမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်တရားသူကြီး ဒေါ်စိုးမာအေးက “ အမှုတွဲမှာပါတဲ့ သက်သေခံချက်တွေရယ်၊ တရားလိုရဲ့ လိုပြ သက် သေ ခံချက်တွေရဲ့ သက်သေထွက်ဆိုချက်တွေရယ်၊ ဥပဒေနဲ့ ဆက်စပ်ပြီးတော့မှ ကျမဒီအမှုကို ဥပဒေနဲ့အညီ သုံး သပ် ဆုံးဖြတ်ခဲ့တာပါ။ ကြာသွားတဲ့အကြောင်းအရင်းကတော့ တွဲဘက်မြို့နယ် တရားသူကြီး ပြောင်းကာမှ ကျမ ဆီကိုအမှုက ရောက်လာတာ။ သူတို့ရဲ့အမှုတွဲထဲမှာကြည့်လိုက်တော့ အထက်တရားရုံးတွေကို ကြားဖြတ် အမိန့် တွေအပေါ်မှာ မကျေနပ်လို့ အယူခံပြင်ဆင်တွေတက်ရင်း တက်ရင်းနဲ့ ကြာသွားတာ” ဟု ပြောသည်။
ပြည်သူလူထုသိသင့်သိထိုက်သည့် သတင်းများကိုရေးသားဖေါ်ပြရခြင်းဖြစ်ပြီး ပုဂ္ဂိုလ်နစ်နာစေလိုသည့် ရည်ရွယ် ချက်ဖြင့် ရေးသားဖေါ်ပြခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း ယခင် The Ladies ဂျာနယ် သတင်းအယ်ဒီတာ ကိုစိုင်းစိုင်းက ပြောသည်။
“ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နည်းနည်း စောဒက တက်စရာရှိတာပေါ့။ မီဒီယာကို ပုဒ်မ ၅၀၀ နဲ့စွဲတယ်၊ ဒါပေမယ့် ကျနော်တို့က သူကိုပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာလည်းမဟုတ်ဘူး။ ကျနော်တို့နားလည်ထားတဲ့ပုဒ်မ ၅၀၀ ဆိုတာက တကယ်လို့ နိုင်ငံတော်သမ္မတဖြစ်တယ်ဆိုရင်တောင်မှ အများပြည်သူ သိစေချင်တဲ့အမှန်တရား အတွက်ဆိုရင် အပြစ်မရှိဘူး။ အခုလိုမျိုး ဒဏ်ငွေချလိုက်တာ ရှုံးတယ်လို့တော့ပြောလို့ရတယ်။ မမှန်ဘူး လို့တော့ ထင်တာပေါ့နော်။ ဒါပေမဲ့ မပြောလိုတော့ပါဘူး။” ဟု သတင်းအယ်ဒီတာကိုစိုင်းစိုင်းက ပြောသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ နောက်ဆုံး အပတ်ထုတ် အမှတ်စဉ် Vol.1.N0(81) တွင် “သဲကုန်းမြို့နယ် အငြိမ်းစား ဒုဗိုလ်မှူးကြီးတဦး လယ်မြေများသိမ်းယူ၊ လေယာဉ်ကွင်းမဆောက်ဘဲ အကွက်ရိုက်ရောင်းစားနေ” ဆိုသည့် သတင်းကြောင့် ဒုဗိုလ်မှူးကြီး(ငြိမ်း)ဦးခင်မောင်ဝင်းက သတင်းအယ်ဒီတာ၊ သတင်းထောက်နှင့် သတင်းဖြေကြားသူ တောင်သူတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။