ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှာ ပလောင် (တအောင်း) လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ရွာသားတွေက စစ်ဘေးရှောင်နေကြ ရပါတယ်။
အဲဒီ၂ ဖွဲ့အကြား တိုက်ပွဲများ ဇွန်လကုန်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နမ္မတူမြို့ နဲ့ သီပေါမြို့ပေါ်ကို စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ ကျော် ရောက်ရှိလာတယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။
“အခုတော့ နမ္မတူမြို့ ရွှေမြင်သာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၂၂၀ ကျော်ရောက်လာပါပြီ။ တိုက်ပွဲတွေ ကြောက်လို့ စစ်ဘေးရှောင်လာကြတာ။ သူတို့ ရွာအနီးမှာက သေနတ်သံတွေ ကြားတယ်လို့ ပြောပါတယ်။ တချို့က ရွာထဲမှာ TNLA တပ်သားတွေ နေတယ်လို့ ပြောတယ်” ဟု ရွှေမြင်သာ ကျောင်းထိုင် ဆရာတော် ဦးအာစိဏ္ဏက ဧရာဝတီကို မန့်ပါတယ်။
ဇွန်လကုန်ပိုင်းက ကျောက်မဲခရိုင်၊ မန်တုံမြို့နယ် အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဝမ့်မိုင်၊ ဝမ့်နာ၊ ကလား၊ စယ့်ပိန်း၊ နမ့်ဟူးနဲ့ နားလ စတဲ့ ကျေးရွာတွေက ဒေသခံများ ထွက်ပြေးလာကြပါတယ်။
တချို့ ရွာသားတွေဟာ တောထဲတွင် ပုန်းခိုနေကြရပြီး တချို့ကတော့ နမ္မတူမြို့ပေါ်မှာရှိတဲ့ ဆွေမျိုးအိမ်တွေမှာ တည်းခိုနေထိုင် နေကြတယ်လို့ ဆရာတော် ဦးအာစိန္နက ဆိုပါတယ်။
ဇူလိုင် ၈ ရက်နေ့ က စတင်ပြီး ယနေ့အထိ သီပေါမြို့၊ ရတနာ ရွှေဂူကျောင်းမှာ အုံမုကျေးရွာအုပ်စု မန့်လွယ်ရွာ က စစ်ဘေးရှောင် ဒုက္ခသည် ၃၂၀ ကျော် ရောက်ရှိနေပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့ ကိုမျိုးက ရှင်းပြပါတယ်။
ဆက်လက်ပြီး သူက“ဒီနှစ်မှာ တိုက်ပွဲတွေ တော်တော်ဖြစ်တယ်။ လွန်ခဲ့တဲ့ ၂ လတုန်းက သီပေါမြို့ကို စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ အခု တိုက်ပွဲထပ်ဖြစ်တော့ ပြန်ရောက်လာတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေကလည်း ခဏခဏ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ဖြစ်လာတယ်။ ပြည်သူတွေ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
အစိုးရက၂၁ ရာစု ပင်လုံ ညီလာခံကို သြဂုတ်လ အတွင်း ကျင်းပမယ်လို့ ပြောနေပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
“တချို့နေရာတွေမှာ RCSS/SSA နဲ့ TNLA တိုက်ပွဲတွေ ဖြစ်သလို တချို့နေရာတွေမှာ TNLA နဲ့ အစိုးရ တပ်မတော် တိုက်ပွဲဖြစ်ပါတယ်။ တချို့နေရာတွေက မဖြစ်ဘူးဆိုရင်လည်း ဖြစ်ဖို့အလားအလာတွေရှိလို့ ထွက်ပြေးလာကြတယ်။ စားဖို့ သောက်ဖို့ ခက်ခဲနေပါတယ်”လို့ တအောင်း ကျောင်းသားနှင့် လူငယ် များအဖွဲ့ (TSYU) မှ အဖွဲ့ဝင် မိုင်းမျိုးအောင်ကလည်း ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး တာဖုန်းကျော် က “တိုက်ပွဲကတော့ ကြိုကြားကြိုကြား ဖြစ်နေပါတယ်။ ကျနော်တို့ နဲ့ RCSS/SSA တိုက်ပွဲ ဖြစ်နေတာ ၂ ပတ်လောက် ရှိနေပြီ။ RCSS က ကျနော်တို့နယ်မြေထဲကို တပ်သားတွေ အများကြီးဝင်လာပါတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရင်းနဲ့ တိုက်ပွဲတွေ ဖြစ်ကြတာပါ”လို့ ဆိုပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အဖွဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS/SSA ဌာနချုပ်နဲ့ မိုင်းလား မှာ တွေ့ဖို့ စာတင်ပြထားပေမယ့် RCSS ဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သူက ပြောပါတယ်။
ဧရာဝတီသတင်းဌာနက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး RCSS/SSA ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်း မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက စတင်ကာ RCSS/SSA နဲ့ TNLA အကြား တိုက်ပွဲတွေ ဖြစ်နေသလို TNLA နဲ့ အစိုးရ တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ တပ်မတော်တို့ကြားမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ မကြာခဏ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိကာလက လယ်ယာစိုက်ပျိုးရမယ့် အချိန်ဖြစ်နေပေမယ့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးမှုတွေ မလုပ်နိုင်တော့ကြောင်း၊ လာမည့်နှစ်အတွက် စားဝတ်နေရေး ဖူလုံမှု မရမှာ ပူပန်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။
RCSS/SSA အဖွဲ့ဟာ ဦးသိန်းစိန် သမ္မတ အဖြစ် တာဝန်ယူခဲ့စဉ် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နဲ့ အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကိုလက်မှတ် ရေးထိုးထားပါတယ်။
RCSS/SSA က NCA လက်မှတ်ထိုးပြီး တလ အကြာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလပိုင်းမှာ TNLA နဲ့ နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဒေသခံ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို ထိခိုက် သေဆုံးမှုတွေရှိသလို ရိုက်နှက်ညှဉ်းပန်းခံရမှု၊ အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။
TNLA ကတော့ အစိုးရနှင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။