ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမတော်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ၃ မြို့နယ်ကို ၂၀၁၆ ခုနှစ်အတွင်း ခွေးရူးရောဂါကင်းစင်သည့်မြို့နယ် (Rabies Free Status in Township) ဖြစ်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
ခွေးရူးရောဂါကင်းစင်သည့်မြို့နယ်ဖြစ်ရေး ဆောင်ရွက်ရာ၌ လမ်းမတော်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ကုန်ကျခံဆောင်ရွက်မည်ဖြစ်ပြီး၊ စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန်မြို့နယ်များအတွက် ယခင်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ်၏ဇနီး Ms. Min Mitchell က ပံ့ပိုးကူညီမည်ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာလှမေဦးက ပြောသည်။
“လမ်းမတော်မှာ လေလွင့်ခွေးက ၂၀၀ မကဘူး။ ၂၀၀ ကိုတော့ ဌာနဆေးနဲ့ ကြိုးစားဆောင်ရွက်မယ်။ တမြို့နယ်လုံးကျွတ် ဖြစ်အောင်တော့ ဝိုင်းဝန်းပူးပေါင်းပြီး ဆေးလှူဒါန်းမယ့်သူတွေရှိမယ်ဆိုရင် တမြို့လုံးပြီးသွားအောင် ဆောင်ရွက်မယ်။ အဲဒါဆို ဒီနှစ်အတွက် ကျမတို့ဌာနကနေ လမ်းမတော်မြို့နယ်ကို Rabies Free Status in Township ဆိုပြီး ပြောနိုင်ပြီ” ဟု ဒေါက်တာလှမေဦးက ဆိုသည်။
စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန်မြို့နယ်တို့၌ ခွေးရူးရောဂါကင်းစင်သည့်မြို့နယ်အဖြစ် ဆောင်ရွက်နိုင်ရန် ယခင်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ်၏ဇနီး Ms. Min Mitchell က ရန်ကုန်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း (၈) ဒေါက်တာအေးမင်းနှင့် ယခုနှစ် မတ်လ ၁၄ ရက်တွင် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့သည်ဟု ဒေါက်တာလှမေဦးက ဆက်ပြောသည်။
“အဲဒီနှစ်မြို့နယ်ကတော့ နိုင်ငံခြားပညာရှင်တွေ ဘယ်လောက်အချိန်ယူပြီး လုပ်မလဲတော့ မသိဘူး။ ကျမတို့က ပူးပေါင်းဆောင်ရွက်မယ်။ လမ်းမတော်ကတော့ ယခုဘတ်ဂျတ်နှစ်ရဲ့ အကောင် ၂၀၀ စာ ဌာနကနေ ကြိုစားဆောင်ရွက် သွားမယ်။ လိုအပ်တာတွေ ပံ့ပိုးကူညီမှု ရှိခဲ့မယ်ဆိုရင်လည်း အဲဒီမြို့နယ် အပြီးသတ်သွားအောင် လုပ်မယ်လို့ ရည်မှန်းထားတယ်။ ဒီနှစ်ကိုတော့ ၃ မြို့နယ်လောက်တော့ ဖြစ်မယ်လို့မျှော်လင့်ထားတယ်” ဟု ၎င်းက ဆိုသည်။
တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက လတ်တလောတွင် MOU တွင် ပါရှိသည့်အတိုင်း စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ၂ မြို့နယ်ကို အဆိပ်ချကင်းမဲ့ရေး နယ်မြေဖြစ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး မကြာမီလပိုင်းအတွင်း Ms. Min Mitchell အဖွဲ့က လုပ်ငန်းစဉ်အဆင့်ဆင့်ကို စတင်ဆောင်ရွက်မည်ဟု ၎င်းက ဆက်ပြောသည်။
လေလွင့်ခွေးများ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် မျိုးဆက်ပွား လျှော့ချထိန်းချုပ်ခြင်းဆိုင်ရာများ ဆောင်ရွက်နေသည့် Blue Heart ၏ အမာခံအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ဝေဝေမိုးက “အခုမှစလုပ်တာဆိုတော့ တော်တော်တော့ ကြိုးစားရဦးမယ်။ တချို့တွေကလည်း ခွေးတွေတအားများလာတဲ့အတွက် အဆိပ်ချလိုက်ဆိုပြီး အလွယ်တကူနည်းပဲ သုံးကြတယ်။ အဆိပ်ချလိုက်ပြီးလို့ရှိရင် ကျန်ခဲ့တဲ့ကလေးတွေက ထပ်ပေါက်ဖွားလိုက်နဲ့ ဘယ်တော့မှ မပြီးတော့ဘူး။ ဒါကို ပညာပေတွေ များများလုပ်နိုင်ရင် ပြောင်းလဲသွားမှာပါ” ဟု ပြောသည်။
တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ လမ်းမတော်မြို့နယ်အတွင်းရှိ ခွေးအကောင်ရေ ၂၀၀ ကို ခွဲစိတ်ကုသမည့် ဆေးဝါးများ၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကို ဝယ်ယူပြီးဖြစ်သည့်အတွက် ဇူလိုင်လနောက်ဆုံးပတ်ခန့်တွင် လုပ်ငန်းစတင်နိုင်ရန် ရည်မှန်းထားသည်ဟု ဒေါက်တာလှမေဦးက ဆိုသည်။
တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ခွေးရူးရောဂါကြိုတင်ကာကွယ်ခြင်းနှင့် မျိုးဆက်ပွား လျှော့ချထိန်းချုပ်ခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ် ကတည်းကစတင်လုပ်ဆောင်ခဲ့ပြီး ဌာန၏ ဘတ်ဂျတ်အနေအထားအရ တနှစ်လျှင် ခွေးအကောင်ရေ ၂၀၀ သာ ပြုလုပ်နိုင်သည့်အတွက် ရန်ကုန်မြို့ရှိ ခွေးလေခွေးလွင့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိရောက်မှု မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ပြုလုပ်ရာတွင် ခွေးတကောင်အတွက် ကုန်ကျစရိတ် တသောင်းနှစ်ထောင်မှ တသောင်းခွဲအထိ ကုန်ကျပြီး တနှစ်အတွက် အကောင်ရေ ၂၀၀ ကို ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုတွင် တခရိုင်လျှင် အကောင်ရေ ၅၀ နှုန်းဖြင့် ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယခုခုနှစ်အတွင်း အထက်ပါမြို့နယ် ၃ မြို့နယ်ကို ခွေးရူးရောဂါ ကင်းစင်သည့်နယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး ကျန်မြို့နယ်များ၌လည်း ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ဆေးကုသမှုပေးပြီးသော လေလွင့် ခွေးများကို YCDC လည်ပတ်အနီရောင် တပ်ဆင်ပေးထားမည်ဟု သိရသည်။
လေလွင့်ခွေးများ စောင့်ရှောက်နိုင်ရန် လှိုင်သာယာ၊ ထိန်ပင်သုသာန်အနီးတွင် ခွေးအကောင် ၅၀၀ ကျော် ဆံ့မည့် ပေ ၁၀၀ ပတ်လည်ရှိ အဆောက်အအုံကို ဆောက်လုပ်ခွင့်ရထားပြီး ဖြစ်သောကြောင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန ဘတ်ဂျက်ဖြင့် ယခုနှစ်ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားသည်ဟု ဒေါက်တာလှမေဦးက ပြောသည်။
ရန်ကုန်မြို့တွင် လေလွင့်ခွေး ၁ သိန်း ကျော်ရှိပြီး၊ တနှစ်လျှင် လေလွင့်ခွေး ၂ သောင်းကျော်သာ လျှော့ချနိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။