သမ္မတဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ၏ အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက် ကြောင်း သိရသည်။
အစိုးရသစ်လက်ထက်၌ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ကို ဇူလိုင်လ ၁၁ ရက်က တရားဝင် ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။
ထိုအဖွဲ့ကို အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးဟောင်း ဦးအောင်ကြည်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ မင်းဇော်ဦး နှင့် ဦးလှမောင်ရွှေ တို့ ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“Peace Commission ရဲ့ လုပ်ငန်းတာဝန်တွေ အကောင်အထည် ဖော်တဲ့နေရာမှာ လိုအပ်တဲ့အကြံဉာဏ်တွေ ပေးနိုင်ဖို့ အတွက် ဖွဲ့စည်းလိုက်တဲ့ အကြံပေးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဦးအောင်ကြည်ကို ခန့်လိုက်တာပါ”ဟု ထိုအဖွဲ့ဝင် တဦးဖြစ် သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
ဝန်ကြီးဟောင်း ဦးအောင်ကြည် ဦးဆောင်မည့် အကြံပေးအဖွဲ့သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၆ ဦးပါ Peace Commission အဖွဲ့အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုစေမည့် အကြံအဉာဏ်များ ပေးအပ် ရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
Peace Commission အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဋ္ဌ အဖြစ် ဦးသိန်းဇော်၊ အဖွဲ့ဝင်များအဖြစ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဦးနိုင်ငံလင်း (ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး)၊ ဦးအောင်စိုး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် -သရက်ချောင်း မဲဆန္ဒနယ်)နှင့် အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးတို့ ပါဝင်သည်။
အကြံပေးအဖွဲ့သည် NRPC က ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အဆင်ပြေ ချောမွှေ့ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်မည့် သင့်လျော် ကောင်းမွန်သော အကြံပြု ချက် များ ရှာဖွေဖော်ထုတ်၍ NRPC သို့ တင်ပြခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တဆက်တည်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်ရေး ဗဟိုဌာနကိုယ်စား ပေါင်းစပ်ညှိနှိုင်းလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဝန်ကြီးဟောင်း ဦးအောင်ကြည်သည် စစ်ဘက်နှင့် အစိုးရဘက်တွင် နှစ်ပေါင်း ၅၀ ကျော် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ် သည်။
စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်က အစိုးရ ၏ ဆက်ဆံရေး အရာရှိ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သူလည်း ဖြစ်သည်။
ထို့အပြင် ဦးအောင်ကြည်သည် စစ်ဘက်တွင် ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ယခင် အစိုးရဟောင်း လက်ထက်တွင် အလုပ်သမား၊ လူမှုဖူလုံရေးနှင့် ပြန်လည် နေရာချထားရေး ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့တွင် ဝန်ကြီးအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။