တရားစီရင်ရေး စနစ်ကို အယုံအကြည်မရှိဟုဆိုကာ တရားခွင်ကို သပိတ်မှောက်ထားသည့် စစ်ကိုင်း အလုပ်သမားများနှင့် ဝန်းရံကျောင်းသား ၁၅ ဦးကို တရားရုံးသို့ နှောင့်ယှက်မှု အလုပ်မဲ့ ထောင်ဒဏ် ၁ လ သို့မဟုတ် ငွေဒဏ် ၅၀၀၀ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း တပ်ကုန်းမြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦးက မီဒီယာများသို့ ပြောသည်။
စစ်ကိုင်း အလုပ်သမားများက တရားရုံးသို့ သပိတ်မှောက် ဆန္ဒပြမှုကြောင့် တရားရုံး ၄ ချိန်းမြောက်လာသည်အထိ အမှုစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ရုံးချိန်းကို အကြိမ်ကြိမ် ပြန်လည်ချိန်းဆိုနေရသည့် အခြေအနေ ဖြစ်နေသည်။
ဦးအောင်ကျော်ဦးက“လုပ်တိုင်းချနေရမှာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၀ အရ တရားခွင်ထဲမှာ အနှောက်အယှက်ပေးမှု ဒဏ်ငွေ ၅ ထောင်ပါ။ အခု ရုံးချိန်းအတွင်း ဆောင်လို့ ရပါတယ်။ မဆောင်ရင် အလုပ်မဲ့ ထောင်ဒဏ် တလပါ။ ၂ သောင်း အထိ ချလို့ရတယ်။ မလုပ်ချင်လို့ လျှော့ပေးထားတာ”ဟု ပြောသည်။
ယနေ့တွင်လည်း တရားခွင်သို့ မည်သူ့ကိုမျှ ဝင်ခွင့်မရှိသဖြင့် လာရောက်ဝန်းရံသူများ၊ မိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား အခြေအနေ အနည်းငယ် တင်းမာခဲ့သော်လည်း နောက်ပိုင်းတွင် တပ်ကုန်းမြို့နယ် တရားရုံးအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။
မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက “တရားခွင်ထဲမှာ ကြွေးကြော်သံတွေ အော်ဟစ်တယ်။ နောက်ကျောပေး ထိုင်တယ်။ မဆူပါနဲ့ ဆိုပြီး တားတယ်။ ဥပဒေအရာရှိလည်း ရောက်ပြီ။ တရားလို ရဲအရာရှိလည်း ရောက်ပြီဆိုပြီး သုံးကြိမ် သုံးခါတိတိ သတိပေးပေမယ့် တရားသူကြီး အသံကို လွှမ်းမိုးပြီး ဆက်ပြီး အနှောက်အယှက်ပေးနေတယ်။ တရားရုံး ၄ ချိန်းရှိပြီ။ မစစ်နိုင်ဘူးဆိုတော့ တရားရုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းလာတဲ့အတွက် အသက်ညှာဆုံး ပြစ်ဒဏ်ပါ”ဟု ပြောသည်။
အလုပ်သမားများကလည်း တရားရုံး၏ ပြစ်ဒဏ်အပေါ်တွင် ဂရုစိုက်မည် မဟုတ်ဘဲ ရုံးချိန်းတိုင်းတွင် ဆက်လက် သပိတ်မှောက်မည် ဖြစ်ကြောင်း၊ တရားစီရင်မှုကို အုပ်ချုပ်ရေးက လွှမ်းမိုးထားသည့် ပတ်ဝန်းကျင်တွင် အမှု လုံးဝ ရင်ဆိုင်မည် မဟုတ်ကြောင်း တရားရင်ဆိုင်နေရသူ ဦးရန်နိုင်ထွန်းက ပြောသည်။
“ကျနော်တို့ကို တရားစီရင်မယ့် တရားရုံး ပရဝဏ်ထဲမှာ ရဲအင်အား အလုံးအရင်း ချထားတယ်။ အုပ်ချုပ်ရေးက လွှမ်းမိုးနေတဲ့ တရားစီရင်ရေးအောက်မှာ အဖြေမှန်က ဘယ်လိုမှ မရနိုင်ဘူး။ ကျနော်တို့ရဲ့ အမှန်တရားတွေကို ဖော်ပေးမယ့် အခြေအနေကို ဖော်ဆောင်မပေးမချင်း ဆက်လက် သပိတ်မှောက် သွားမယ်”ဟု ဦးရန်နိုင်ထွန်းက မီဒီယာများသို့ ပြောသည်။
ယနေ့ ရုံးချိန်း၌ ထောင်ဒဏ် အပြစ်ပေးမှုအပေါ်တွင် ပြန်လည် ချေပခွင့် မရကြောင်း၊ တရားသူကြီးက အလုပ်သမားများကို အချုပ်သားများဟု သုံးနှုန်းသည့် အပေါ်တွင်လည်း ကျေနပ်မှု မရှိဟု အလုပ်သမားများက ပြောသည်။
စစ်ကိုင်း အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ဦးခိုင်မင်းကလည်း “အလုပ်သမား ဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ လွှတ်တော်ကနေပြီးတော့ အဆိုတရပ် တင်ပြီး အလုပ်သမား ပြဿနာတွေ ဖြေရှင်းပေးဖို့ အဲဒီအချိန်မှာ ကျနော်တို့က အေးအေးချမ်းချမ်းနဲ့ နေဖို့ လုပ်နေတဲ့အချိန်မှာ အခုလို အကြမ်းဖက် အဖမ်း ခံရတဲ့အတွက် ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဒီနေ့ကစပြီး ၁၀ ရက် အချိန်ပေးမယ်။ မလုပ်ပေးရင် ၁၁ ရက်မြောက်နေ့မှာ စပြီးတော့ အစာအငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ထားပါတယ်”ဟု မီဒီယာများသို့ တရားရုံးတွင် ပြောဆိုခဲ့သည်။
ဖမ်းဆီး တရားဆွဲဆိုခံထားရသူ ၁၅ ဦးတွင် အလုပ်သမား ၆ ဦး၊ ကျောင်းသား ၅ ဦးနှင့် ဝန်းရံပြည်သူ ၄ ဦး တို့ပါဝင်ပြီး ၎င်းတို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အသိပေးနေသည်ကို သိလျက်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇ နှင့် ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားသည်။
တရားစွဲဆိုခံရသော အလုပ်သမားများသည် စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံမှဖြစ်ပြီး အလုပ် သမား အခွင့်အရေးနှင့် ပတ်သက်၍ ပိုင်ရှင်၊ အလုပ်သမား ဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဧပြီလကုန် အထိ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ခြင်းကြောင့် နေပြည်တော်သို့ ချီတက်လာစဉ် မေလ ၁၉ ရက်က တပ်ကုန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။