တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရာတွင် အစွန်းမရောက်ကြရန် တပ်မတော်သားများကို တိုက်တွန်း ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့က စစ်တွေတပ်နယ် ဗန္ဓုလခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်ချုပ်၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
တပ်ချုပ်၏ မိန့်ခွန်းထဲတွင် “မြန်မာနိုင်ငံလူဦးရေ ၅၂ သန်း ကျော်တွင် ၈၇ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ခရစ်ယာန် ကိုးကွယ်သူ ၆ ရာခိုင်နှုန်း၊ အစ္စလာမ်ကိုးကွယ်သူ ၄ ရာခိုင်နှုန်းနှင့် တခြား ကိုးကွယ်မှုရာခိုင်နှုန်း အနည်းငယ်မျှ ရှိကြောင်း၊ မည်သူမဆို မိမိဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို အစွန်းရောက်သော လုပ်ဆောင်မှုမျိုး မဟုတ်ဘဲ မျှတစွာ ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ကြရန်လည်းလိုကြောင်း ပြောကြားသည်” ဟု ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ယင်းသို့ပြောဆိုချက်သည် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့က အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) (ဗဟို) ၏ ထုတ်ပြန်ချက်အပေါ် ကြေညာချက် ထုတ်ပြန်လိုက်သည့်နေ့နှင့် တရက်တည်းဖြစ်သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က မဘသ အဖွဲ့သည် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာခြင်း လုံးဝ မဟုတ်ကြောင်း၊ မဘသကို အသိအမှတ်မပြုကြောင်းနှင့် မဘသ အဖွဲ့အစည်းက ၎င်းတို့အနေဖြင့် သံဃနာယက လက်စွဲ၊ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်သော အဖွဲ့အစည်း ဖြစ်သည်ဟု ဖော်ပြခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း တိုင်းရင်းသားများ အချင်းချင်း အထင်အမြင် လွဲမှားမှုကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေး၊ အယူဝါဒအရေး၊ လူမျိုးရေး၊ ဘာသာရေး သဘောထား ကွဲလွဲမှုများကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် အခြေအနေများကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်လိုကြောင်း တပ်ချုပ်က ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။
ဒီမိုကရေစီ ကျင့်စဉ်အရ နိုင်ငံရေးလမ်းကြောင်း တည်တည်ငြိမ်ငြိမ် ဖြစ်စေရန်၊ ခိုင်ခိုင်မာမာဖြစ်စေရန် တပ်မတော်ကလည်း ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ချက် မှန်သမျှကို ခိုင်ခိုင်မာမာ ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်မှု အားပေးကူညီမှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း တပ်မတော်သားများကို တပ်ချုပ်က မှားကြားသည်ဟု သိရသည်။
ထို့အပြင် တပ်မတော်နှင့် ပတ်သက်ပါက တပ်မတော်သား မိသားစုများ အနေဖြင့် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ အဖြစ် တပ်မတော်၏ အရိပ်အာဝါသ အောက်တွင် စုစည်းညီညွှတ်စွာ နေထိုင်ကြရကြောင်း၊ နိုင်ငံနှင့် ပတ်သက်ပါက ပြည်သူသာအမိ၊ ပြည်သူသာ အဖ ဖြစ်ပြီး ပြည်သူနှင့် တသားတည်းဖြစ်ရန် လိုကြောင်းနှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်ပြီး ပြည်သူကို ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၎င်း၏ ရခိုင်ခရီးစဉ်တွင် တပ်မတော်သားများ၊ တပ်မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး တို့နှင့် တွေ့ဆုံ၍ ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ သံတွဲမြို့နယ်များ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှု ပြုလုပ်ရန်ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။