အစိုးရ၏ တိုင်းပြည် တည်ဆောက်ရေး မူဝါဒ လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် လူငယ်များ ပါဝင်နိုင်ခွင့် ရှိလာစေရန် အစိုးရ၊ ကုလသမဂ္ဂနှင့် လူငယ်များကြား ပူးပေါင်း၍ လူငယ် မူဝါဒတခုကို စတင် ရေးဆွဲနိုင်ရန် စီစဉ်နေပြီး ၂၀၁၆ နှစ်ကုန်ပိုင်းတွင် လူငယ်ရေးရာ မူဝါဒ မူကြမ်းတခု ထွက်ရှိလာတော့မည် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် လူငယ် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ကျင်းပခဲ့ ရာ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)နှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပြီး လူငယ်ရေးရာ မူဝါဒအတွက် အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အစိုးရအနေဖြင့် လူငယ်မူဝါဒ ရေးဆွဲရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ ဦးဆောင်၍ ဝန်ကြီးအဆင့် အစည်းအဝေးကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လူငယ် မူဝါဒ ရေးဆွဲရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေး ကော်မတီစသည့် ကော်မတီ ၃ ခုကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ပြောသည်။
“ကော်မတီတိုင်းမှာ လူငယ်တွေ ပါဝင် ဖွဲ့စည်းထားပါတယ်။ အခု ဖိုရမ်မှာ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး သူတို့တွေက တိုင်းနဲ့ပြည်နယ်မှာ Sharing ပြန်လုပ်မှာပါ။ တကယ် မူဝါဒ ရေးဆွဲရင်လည်း လူငယ်ကိုယ်စားလှယ်တွေ ပါဝင်ရမှာ ဖြစ်ပါတယ်”ဟု ဦးစိုးကြည်က ပြောသည်။
လူငယ်ရေးရာ မူဝါဒဆိုသည်မှာ အစိုးရတရပ်က လူငယ်များအပေါ်မှာ ချမှတ်ထားသည် ကတိကဝတ်တခု ဖြစ်ပြီး လူငယ်များကလည်း သူတို့ ပါဝင်ရမည့် အခွင့် အရေးများ၊ အခွင့်အလမ်းစသည့် တာဝန်ဝတ္ထရားများအပြင် လိုအပ်ချက်များကိုပါ တခါတည်း ထည့်သွင်းထားသည့် မူဝါဒတခုဟု ဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် မသဉ္ဇာရွှန်းလဲ့ရည်က ဧရာဝတီသို့ ပြောသည်။
“အစိုးရက မူဝါဒတွေ ချမှတ်တဲ့အခါ လူငယ်တွေအတွက် ထည့်သွင်းစဉ်းစားရဲ့လားဆိုတာ တိုင်းတာ စစ်ဆေးနိုင်တဲ့ အကြောင်းအရာတခု ရသွားပါပြီ။ အစိုး ရရဲ့ ဘယ်လို စီမံကိန်းတွေ လာသည်ဖြစ်စေ ဒီမူဝါအပေါ်မှာ အခြေခံပြီးတော့ လူငယ်တွေက သူတို့ရဲ့ ပါဝင်ခွင့် အတွက်ကို တရားဝင် တောင်းဆိုခွင့်ရမှာ ပါ”ဟု သဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
လူငယ်မူဝါဒသည် နိုင်ငံတနိုင်ငံရှိ လူငယ်များ၏ အနာဂတ် အလားအလာကောင်းများကို ဖြည့်ဆည်းပေးရန်နှင့် ထိုမှတဆင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအမြစ်များ၊ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို စနစ်တကျ ဖော်ညွှန်းထားသော မူဘောင် တခုဖြစ်ကြောင်း လူငယ်မူဝါဒ ရေးဆွဲရာတွင် ပူးပေါင်း ပါဝင်သူ ဒေါက်တာနေဝင်းက မီဒီယာများသို့ ပြောသည်။
ဒေါက်တာ နေဝင်းက “ဒီမူဝါဒပြီးသွားရင် လူငယ်တွေရဲ့ ကျန်းမာမှု၊ ဖွံ့ဖြိုးမှု၊ သူတို့ရဲ့ ပညာရေး၊ အလုပ်အကိုင် ရရှိမှု ဆိုတဲ့ဟာတွေ ဖြစ်လာမှာဆိုတော့ လူကြီး နေရာ ရောက်လာမယ့် သူတွေဖြစ်လို့ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်လာဖို့ပေါ့။ အဓိကကတော့ National Development အတွက်ပါ”ဟု ပြောသည်။
သို့သော် မူကြမ်း ရေးဆွဲနိုင်ရေးအတွက် လူငယ်များက လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရေး အချိန်ပေးရဦးမည်ဖြစ်သဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်း ရောက်မှ သာလျှင် မူကြမ်းထွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ မူကြမ်းထွက်ပေါ်လာပါကလည်း အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်သူများ၏ သဘောတူညီမှုဖြင့် မူဝါဒ အချော ထွက်ပေါ်လာရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ နေဝင်းက ပြောသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၁၇ ဒသမ ၈၁ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များဖြစ်ပြီး လူဦးရေ၏ ၂၇ ဒသမ ၈ ရာခိုင်နှုန်းမှာ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား အတွင်းရှိ လူငယ်နှင့် ဆယ်ကျော်သက်များ ဖြစ်ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ လူငယ်အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ကျား/မ လူမှု ကွာဟမှု၊ ပညာရေး လက်လှမ်း မမီမှု၊ နိမ့်ကျသော ကျန်းမာရေး၊ လိင်မှတဆင့် ကူးဆက်သော ရောဂါနှင့် အဆင့်သင့်မဖြစ်သော ကိုယ်ဝန်ဆောင်ရခြင်း၊ မသန်စွမ်းမှု၊ လုံခြုံမှု မရှိသော နေရာထိုင်ခင်း၊ အကြမ်းဖက်မှုများနှင့် သင့်တင့် လျောက်ပတ်သော အလုပ်အကိုင် မရရှိခြင်း စသည့် ပြဿနာ အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု လူငယ်မူဝါဒ ရေးဆွဲရာတွင် ပါဝင်သူ ဒေါက်တာနေဝင်းက ပြောသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် ၁၂၂ နိုင်ငံတွင် အမျိုးသားလူငယ်ရေးရာ မူဝါဒများ ရှိကြပြီး လူငယ်ရေးရာ မူဝါဒရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် နိုင်ငံ ၃၁ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်နေကြောင်း သိရသည်။