မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၀၀ ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအား မြန်မာနိုင်ငံသား ဟုတ် မဟုတ် စစ်ဆေးပြီးနောက် ခရီးစရိတ် မတတ်နိုင်သူများကို မလေးရှားရှိ လူမှုအဖွဲ့အစည်းများနှင့် သံရုံး၏အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်သည်ဟု ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
“မနက်ဖြန်မှာ တသုတ်ထပ်ပို့ဖို့ ရှိပါတယ်။ ကျန်တဲ့သူတွေကိုလည်း နိုင်ငံသားစိစစ်ပြီးရင် ဆက်တိုက်ပြန်ပို့ပေးမှာပါ” ဟု ၎င်းက ဆိုသည်။
ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသူ အများစုသည် လေယာဉ်လက်မှတ် ဝယ်ယူရန် မတတ်နိုင်ကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့အနက် တချို့သည် မိသားစုများနှင့် အဆက်အသွယ် ပြတ်တောက်နေကြကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို နိုင်ငံသားစိစစ်ပြီးပါက လူမှုရေးအဖွဲ့များက လှူဒါန်းထားသည့် လေယာဉ်လက်မှတ်များနှင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်ဟု သံရုံးတာဝန်ရှိသူက ပြောသည်။
မလေးရှားရှိ Belentik ထိန်သိမ်းရေးစခန်းမှ ၅၈ ဦး၊ TenahMerah စခန်းမှ ၄၂ ဦး၊ စုစုပေါင်း ၁၀၀ ဦးတို့ကို ဇူလိုင်လ ၁၃ ရက်က ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း၊ လူဦး ၁၀၀ တွင် အမျိုးသား ၈၀ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်သည်ဟု မြန်မာသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
ပြန်ပို့လိုက်သည် လူဦးရေ ၁၀၀ အနက် ၆၂ ဦးသည် မိဘဆွေမျိုးများနှင့် အဆက်အသွယ် မရကြသည့်အပြင် လေယာဉ်လက်မှတ်ဝယ်ယူရန် မတတ်နိုင်ကြသူများဖြစ်ကြောင်း၊ ၎င်းတို့ကို ရန်ကုန်မြို့ရှိ သန်လျင် သဘာဝတရားရိပ်သာ၏ ဦးဆောင်ဆရာတော်နှင့် တပည့်တကာများ၊ မလေးရှားရှိ ၇ ရက်သားသမီး နာရေးကူညီမှုအသင်း (ကပုန်း) တို့က လှူဒါန်းထားသည့် လေယာဉ်လက်မှတ်များဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခု၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂၆၀၀ ဝန်းကျင်ရှိသည်ဟု မြန်မာသံရုံးက ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းရေးစခန်းသို့ ရောက်နေကြသည့် မြန်မာနိုင်ငံသား အများစုသည် မိခင်နိုင်ငံသို့ ပြန်လိုကြကြောင်း၊ ထိန်းသိမ်းရေးစခန်းတချို့၌ ကျန်းမာရေး စောင့်ရှောက်မှုအားနည်းခြင်း၊ အစားအသောက် ချို့တဲ့ခြင်း စသည့် အခက်အခဲများကြောင့် မြန်မာတချို့သည် ထိန်းသိမ်းရေးစခန်းထဲ၌ပင် သေဆုံးသွားကြောင်း မလေးရောက် မြန်မာတချို့က ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာအလုပ်သမား ၁ သိန်းခွဲ ဝန်းကျင်နှင့် တရားမဝင် အလုပ်သမား ၁ သိန်း ကျော်ရှိပြီး မြန်မာနိုင်ငံသား စုစုပေါင်း ၃ သိန်းကျော် ရှိနေကြောင်း မလေးရောက် မြန်မာလူမှုအဖွဲ့များထံမှ သိရှိရသည်။