ကချင်ပြည်နယ် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် ပြုလုပ်မည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ ဝေါဟာရ အပါအဝင် နိုင်ငံရေး နှင့် လုံခြုံရေး ဆိုင်ရာ စသည့် အချက် ၄ ချက်ကို ဦးတည် ဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။
အဆိုပါ မိုင်ဂျာယန် ညီလာခံကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
မိုင်ဂျာယန် ညီလာခံ ကျင်းပရေး ကော်မတီ ဒုဥက္ကဋ္ဌ (၁) ပဒို စောကွယ်ထူးဝင်းက “နိုင်ငံရေး၊ လုံခြုံရေး ဆိုင်ရာ ကိစ္စ၊ ညီလာခံအတွက် မူကြမ်းကို ပြန်သုံးသပ်မယ်။ နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ဒေါ်စုက ပြောင်းခေါ် တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုတဲ့ ဝေါဟာရကို ဆွေးနွေးမယ်။ အဓိက ကတော့ အဲ့ဒီ ၄ ချက်ကို ဆွေးနွေးပါမယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ညီလာခံ၌ ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားများဘက်က ဆွေးနွေးမည့် ဖက်ဒရယ် ရေးရာ ကိစ္စရပ် များ ၊ အနာဂတ် နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ တပ်မတော် နှင့် ဆွေးနွေးရမည့် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဘုံသဘောတူညီသည့် အခြေခံမူများ ရရှိသည်အထိ ဆွေးနွေးသွားမည်ဟု ပဒို စောကွယ်ထူးဝင်း က ဆိုသည်။
ဆက်လက်၍ ပဒို စောကွယ်ထူးဝင်းက “နိုင်ငံတော်ရဲ့လုံခြုံရေးက ပြန်လည်စုစည်းပြီး ကာကွယ်ဖို့ အတွက် ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေ လုံခြုံရေးဆိုင်မှာ တာဝန်ယူတဲ့ တပ်ဖွဲ့တွေ ဘယ်လိုပြန်လည် စုဖွဲ့မှု လုပ်မလဲ ဆိုတာလည်း ကျနော်တို့ ဆွေးနွေးရမှာဖြစ်ပါတယ်”ဟုလည်း ပြောသည်။
တပ်မတော်မှ ၂၁ ရာစု ပင်လုံညီလာခံသို့ လက်နက်စွန့်မှ တက်ရောက်ခွင့်ရမည်ဟု ပြောဆိုထားသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ကိုလည်း ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားသော် လည်း ၎င်းတို့နှင့် တပ်မတော်၏ ကိစ္စကိုမူ ဆွေးနွေးရန် လျာထားခြင်း မရှိဟု သိရသည်။
ဆက်လက်၍ ပဒိုစောကွယ်ထူးဝင်းက “ဆွေးနွေးမယ့် ခေါင်းစဉ်ထဲမှာတော့ မပါဘူး။ ဒါပေမယ့် မျက်နှာစုံညီ အစည်း အဝေးမှာ တဖွဲ့ဖွဲ့က ဒါကို တင်ပြလာရင်တော့ လက်ခံလို့ရှိရင် ကျနော်တို့ ဆွေးနွေးမှာပေါ့နော်”ဟု ပြောဆိုသည်။
မိုင်ဂျာယန် ညီလာခံ ကျင်းပရေး ကော်မတီ၊ တွဲဖက် အတွင်းရေးမှူး ဒေါက်တာ နိုင်ရွှေသိန်းကလည်း ၎င်းတို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ဖက်ဒရယ်စနစ်ကို အကောင်အထည် ဖော်ရေးအတွက် မူကြမ်း သီးသန့် ရေးဆွဲမည် မဟုတ်ဘဲ ယခင်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဒီမိုကရေစီ အင်အားစုများကြား ရေးဆွဲထားသည့် မူကြမ်းကိုသာ စွဲကိုင်သွားမည်ဟု ပြောသည်။
၂၁ ရာစု ပင်လုံညီလာခံသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား နိုင်ငံရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုင်ရာများ ဆွေးနွေးရန် သြဂုတ်လ အတွင်း ကျင်းပနိုင်ရေး လျာထားသည်ဟု သိရသည်။
အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံသည် ယခင်အစိုးရ လက်ထက်က ဖော်ဆောင်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး စာချုပ် (NCA) တွင်ပါရှိသည့် မူအတိုင်း အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးပါက ပြုလုပ်ရမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အမည်ပြောင်းလဲ လုပ်ဆောင်မည့် ညီလာခံတရပ်ဖြစ်သည်ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။
ဆွေးနွေးမည့် အခြေခံများသည် NCA ကိုသာ အခြေခံသွားမည်ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များက မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတွင် ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်ကြမည် ဖြစ်ပြီး အစိုးရနှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးရန် ညှိနှိုင်းတိုင်ပင်ကြမည် ဖြစ်သည်ဟုလည်း ဆိုသည်။
မိုင်ဂျာယန် ညီလာခံသို့ ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့လုံး တက်ရောက်ရန် ဖိတ်ကြားထားပြီး တိုင်းရင်းသား နိုင်ငံရေး အင်အားစုများ ဖြစ်သည့် ညီနောင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုး မဟာမိတ် (UNA) တို့၏ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားသည်ဟု မိုင်ဂျာယန် ညီလာခံ ကျင်းပရေး ကော်မတီထံမှ သိရသည်။