လူမှုအသိုင်းအဝိုင်းကြား အမုန်းစကား (Hate Speech) ပြောဆို၊ လှုံ့ဆော်သူများကို အရေးယူနိုင်မည့် ဥပဒေ တရပ် ရေးဆွဲ လျက်ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောသည်။
ယင်းဥပဒေကို သာသနာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ (ဗဟို)က ရေးဆွဲနေခြင်းဖြစ်ပြီး ဥပဒေကြမ်း(မူကြမ်း) အဆင့်ကို ရရှိထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေက သတ်မှတ်ပြဋ္ဌာန်း ထားသော ဘာသာ ကြီး ၅ ခုဖြစ်သည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာ တို့ကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အခြားသော ကိုးကွယ်ယုံကြည်မှု ဘာသာများနှင့်လည်း ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
သူရဦးအောင်ကို က“အေးချမ်း တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ အန္တရာယ်ရှိတဲ့ ပြောဆိုဟောပြောမှု တွေကို ဒီဥပဒေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်၊ ဒီနေရာမှာ အားလုံး အကျုံးဝင်ပါတယ်”ဟု ပြောသည်။
ထိုဥပဒေသည် အမုန်းစကား ဟောပြောမှုများအပြင် စာပေထုတ်ဝေ ဖြန့်ချိမှု၊ ဗီဒီယိုရိုက်ကူး ထုတ်လွှင့်မှုများပါ အကျုံးဝင်ပြီး ဘာသာရေး ခေါင်းဆောင်များ အပါအဝင် မြန်မာနိုင်ငံသား အားလုံးအပေါ် အကျိုးသက်ရောက်မည် ဖြစ်သည်ဟု ဆိုသည်။
ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးပါက ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသူ မည်သူကိုမဆို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူပိုင်ခွင့် ရှိ သည့် ရဲအရေးပိုင်မှုများဖြစ်မည်ဟု သိရှိထားကြောင်း ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ (ဗဟို) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ သာဉာဏ် ကပြောသည်။
ဒေါက်တာ သာဉာဏ်က “တရားဥပဒေ စိုးမိုးစေချင်တယ်။ အမုန်းတရား စာပေ၊ ဗီဒီယိုတွေကို ဆိုင်ရာ ဥပဒေတွေ ရှိပေမယ့် မထိန်းချုပ်နိုင်ဘူး၊ ဒါကို သီးသန့် ဥပဒေတခုနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်”ဟုလည်း ပြောဆိုသည်။
ဥပဒေမူကြမ်းတွင် ပြစ်မှုပြစ်ဒဏ် အနေဖြင့် ပြစ်မှုပုဒ်မ အမျိုးအစား အလိုက် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင် သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထည့်သွင်းထားကြောင်း သိရသည်။
လက်ရှိရေးဆွဲထားသည့် ဥပဒေကြမ်း (မူကြမ်း) ကို အပြီးသတ်နိုင်ရေးအတွက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလမ်ဘာသာများမှ ဘာသာရေး ခေါင်းဆောင်များထံ အကြံပြုချက်များ တောင်းခံထားကြောင်း၊ ဥပဒေ အပြီးသတ် အတည်ပြု ပြဋ္ဌာန်းနိုင်မည့် အချိန်ကိုမူ မပြောနိုင်သေးကြောင်း ဒေါက်တာ သာဉာဏ်က ပြောသည်။
အမုန်းစကားပြောဆို ဟောပြောမှုများနှင့် ပတ်သက်၍ အသံဖိုင်၊ ဓာတ်ပုံ စသည့် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားရန် လိုအပ်ပြီး တိုင်ကြားသူ မရှိပါက အရေးယူနိုင်မည် မဟုတ်ကြောင်းလည်း သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို က ၂ ရက်ကြာ ကျင်းပသော ၁၁ ကြိမ်မြောက် နိုင်ငံတော် သံဃ မဟာနာယက(မဟန) ၄၇ ပါး စုံညီ အစည်းအဝေး ဒုတိယ နေ့တွင် ပြောဆိုခဲ့သည်။
ဝန်ကြီးက မည်သူမဆို မဟန သို့ အမုန်းတရားသွေးထိုးသော ရဟန်းတပါးနှင့် ပတ်သက်၍ တိုင်ကြားပြီး ခိုင်လုံသော အထောက်အထား ပေးပို့လျှင် မဟန က စုံစမ်းစစ်ဆေး၍ လိုအပ်သလို အရေးယူမည်ဟု လည်းပြောသည်။
ယခင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် လွန်ခဲ့သောနှစ်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ခု ဖြစ်သော ဘာသာကူးပြောင်းမှု၊ ဘာသာခြား ထိမ်းမြား လက်ထပ်ခြင်း၊ တလင်တမယားစနစ်နှင့် ကလေးမွေးဖွားမှု ထိန်းချုပ်ရေး ဥပဒေ များကို ပြဌာန်းခဲ့သေးသည်။
ထို ဥပဒေ ၄ ခု ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) က ဦးဆောင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ဥပဒေ သက်ရောက်မှုအရ အရေးယူမှုများလည်း ရှိခဲ့သည်။
သို့သော် ပြီးခဲ့သည့် အင်္ဂါနေ့က မဘသ အဖွဲ့သည် နိုင်ငံ၏ သံဃာစည်းမျည်းနှင့် ညီသော အဖွဲ့အစည်းမဟုတ်ဟု မဟန က ထုတ်ပြန် ကြေညာထားသည်။
မဟန အစည်းအဝေး ဒုတိယနေ့ ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲ တခုတွင် မဘသ အဖွဲ့အား တရားမဝင် အသင်းအဖွဲ့ အဖြစ် မှတ်ယူနိုင်မည်လား ဟု ဧရာဝတီ ၏ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဝန်ကြီး ဦးထွန်းညွန့်က “အစိုးရက မဘသ ဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေနဲ့ အညီ ဖွဲ့စည်းခဲ့တာ ဟုတ် မဟုတ် စုံစမ်း စစ်ဆေးလိမ့်မယ်။ မညီရင် သူတို့ကို မတရားသင်း ကြေညာပါမယ်”ဟု ပြန်လည် ဖြေကြားသွားသည်။
ဧရာဝတီ သတင်းထောက် လဝီဝမ် နှင့် ထွန်းထွန်း ပူးပေါင်း ရေးသားသည်။