မြန်မာနိုင်ငံက ကျောင်းသားမိဘတွေဟာ အသက်မွေးဝမ်းကျောင်း ပညာကို ဒုတိယတန်းစား ပညာရပ်တွေအဖြစ် အမြင် ရှိနေတာကို ရပ်တန့်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ ပညာရပ်တခုအဖြစ် တန်ဖိုးထားကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက နေပြည်တော် မြန်မာ ကွန်ဗန်းရှင်း စင်တာ (MICC – 2) မှာ ပြုလုပ်တဲ့ နည်းပညာ၊ အသက်မွေးပညာနဲ့ လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းလိုက် တာပါ။
ဒေါ်အောင်ဆန်းစုကြည်က“ကျမကတော့ အသက်မွေးဝမ်းကျောင်း ပညာကို အင်မတန်မှ လေးစားတယ်။ တန်ဖိုးထား တယ်”လို့လည်း ပြောပါတယ်။
အသက်မွေးဝမ်းကျောင်း ပညာစနစ် အောင်မြင်ရေးအတွက် အားလုံးကနေ ဝိုင်းဝန်း ကြိုးပမ်းပေးစေချင်ပြီး ဒီလို ကြိုးပမ်း တဲ့ နေရာမှာ နိုင်ငံတကာရဲ့ အကူအညီကို လိုမှာဖြစ်ပေမယ့် နိုင်ငံသူ နိုင်ငံသားတွေကိုယ်တိုင် အသက်မွေး ဝမ်းကျောင်း ပညာရဲ့ တန်ဖိုးကို လက်ခံမှ အောင်မြင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အသက်မွေးဝမ်းကျောင်း ပညာထက် တက္ကသိုလ်ပညာရေးကို ဦးစားပေးကြပေမယ့် တက္ကသိုလ်ပြီး လည်း အလုပ်မရကြကြောင်း၊ တက္ကသိုလ် ပညာရေး အဆင့်မမီမှ အသက်မွေးဝမ်းကျောင်း ပညာရေးဘက်ကို ရွေးချယ်ကြ လို့ နောက်ပိုင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရေးပြီးရင် အလုပ်အကိုင်တန်းရအောင် လုပ်ဆောင်နိုင်ဖို့ အစိုးရက စဉ်းစားနေပြီလို့ သိရပါတယ်။
“ကျမကတော့ ကော့မှူးမှာ ထောင်ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းနဲ့ ပတ်သက်ပြီး အင်မတန်မှ ဂုဏ်ယူ ပါတယ်။ အကြောင်းကတော့ ဒီကလေးတွေဟာ ဘွဲ့မရခင် သင်တန်းမပြီးခင်မှာ အလုပ်ရနေကြပြီ။ သင်တန်း မဆင်းခင်မှာကိုက အလုပ်ရှင်တွေက လာပြီး ကမ်းလှမ်းထားကြပြီ”လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။
သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတခု ဖွင့်လှစ်ထားတာ ၂ နှစ်ပြည့်ချိန်မှာပဲ ကျောင်းရဲ့ အောင်မြင်မှုက ရှိနေတဲ့ ကျောင်းသား အရည်အတွက်ထက် အလုပ်ရှင်တွေရဲ့ ကမ်းလှမ်းမှုက များနေတယ်လို့ သိရပါတယ်။
“အင်မတန်မှ တိုးတက်တယ်ဆိုတဲ့ တချို့နိုင်ငံများမှာ တက္ကသိုလ်ဘွဲ့ရများဟာ တနှစ်ထက်တနှစ် အလုပ်မရတဲ့ အခြေ အနေ ကို ရောက်လာတာကိုလည်း တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ပေးလိုက်တဲ့ ပညာနဲ့ ကိုယ့်လူမှု အသိုင်း အဝိုင်းက လိုအပ်ချက်နဲ့ မကိုက်ညီလို့ပါ။ အသက်မွေးဝမ်းကျောင်း ပညာစနစ် အောင်မြင်ဖို့ဆိုတာ အစိုးရနဲ့ ဝန်ကြီးဌာန တွေချည်း လုပ်လို့မရပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်မှ ရပါလိမ့်မယ်”လို့ သူက ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
အသက်မွေးဝမ်းကျောင်း စနစ် အောင်မြင်တဲ့ နိုင်ငံတွေမှာတော့ ကျောင်းတက်နေတဲ့ တချိန်တည်းမှာပဲ လက်တွေ့ကျကျ လုပ်ငန်းခွင်မှာ လုပ်ခလစာနဲ့ အလုပ်လုပ်ရပြီး ကျောင်းပြီးတာနဲ့ သူတို့လေ့ကျင့်ခဲ့တဲ့ လုပ်ငန်းခွင် အသီးသီးမှာ အလုပ်ရ တာကြောင့် အဲဒီလို အခြေအနေမျိုးရောက်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။
“ကျမတို့ လုပ်ငန်းရှင်တွေကလည်း လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပြုကြပါ။ ပညာရေး ဌာနဘက်ကလည်း လုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်လိုကူညီနိုင်မလဲ အကြံပြုကြပါ။ အချင်းချင်းနှီးနှောပြီး ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
တက္ကသိုလ်ပညာရေးကို Academic Education လို့ ခေါ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရေးကို Vocational Training လို့ ခေါ်တာကြောင့် မတူညီတဲ့ ဝေါဟာရတွေအပေါ်မှာ လေ့လာကြည့်ကြဖို့လည်း ပြောပါတယ်။
တက္ကသိုလ်ပညာဆိုတာက ပညာတတ်အောင်၊ ဗဟုသုတ ကြွယ်ဝအောင်လို့ ဘာသာရပ် အမျိုးမျိုးကို နားလည် ဆည်းပူး နိုင်အောင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက္ကသိုလ်တွေကို တည်ထောင်ခဲ့သလို အသက်မွေးဝမ်းကျောင်း ပညာကတော့ ကိုယ့်ဝါသနာ၊ ကိုယ့်မွေးရာပါ သဘောတရားတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတဲ့ပညာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ကိုယ့်ရဲ့ဗီဇနဲ့ ကိုက်ညီတဲ့ အလုပ်လုပ်နိုင်ဖို့အတွက်၊ ကိုယ်ရဲ့ဝါသနာနဲ့ တထပ်တည်းဖြစ်တဲ့ အလုပ်လုပ်နိုင်ဖို့အတွက် သင်ပေးတာဟာ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးတာလို့ ကျမတို့က ဒီလိုပဲ ပြောပေမယ့် ကိုယ့်ရဲ့ ဝါသနာအရ လုပ်တာ ကိုယ်ရဲ့ဗီဇအရည်အချင်းအရ လုပ်တဲ့ပညာလို့ ပြောလို့ရှိရင် ပိုပြီးတော့ အဓိပ္ပာယ်က ကြွယ်ဝလိမ့်မယ်လို့ ထင်ပါတယ်”ဟုလည်း သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး “အဲဒီလို အဓိပ္ပာယ်ဖော်မယ်ဆိုရင်လည်း ကျမတို့ နိုင်ငံသူ နိုင်ငံသားများဟာ အသက်မွေးဝမ်းကျောင်းပညာကို ပိုပြီးတော့ အလေးထားလာမယ်၊ တန်ဖိုးထားလာမယ်လို့ ကျမ ယုံကြည်ပါတယ်”လို့ ပြောဆိုပါတယ်။
အသက်မွေးဝမ်းကျောင်း ပညာကို ကျောင်းသားတွေ သာမက မိဘတွေကပါ တန်ဖိုးထားဖို့ လိုကြောင်း၊ မိဘတွေ ကိုယ်တိုင် က သားသမီးတွေကို တက္ကသိုလ် ဘွဲ့ ရစေချင်ကြပြီး မိဘဆိုတာမျိုးက သဘာဝအရ သားသမီးတွေကို တတ်နိုင်သလောက် ပညာပေးချင်တာ ဖြစ်ပေမယ့် ပညာဆိုတာ ဘာလဲဆိုတာကို စဉ်းစားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ပညာဆိုတာဟာ ဘဝမှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် အရည်အချင်း ရှိဖို့ပဲ ဖြစ်ပါတယ်။ တက္ကသိုလ်က ဘွဲ့တွေရပြီးတော့ ဘဝမှာ တွေ့ကြုံရမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကို မရင်ဆိုင်နိုင်ဘူးဆိုလို့ ရှိရင် ဒီပညာဟာ ဘယ်လောက်အထိ ကိုယ့်အတွက်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးရှိနိုင်မလဲဆိုတာကို စဉ်းစား သုံးသပ် ရတော့မှာပါ”လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးစ နိုင်ငံဖြစ်တယ်ဆိုပြီး အားငယ်ဖို့ မလိုဘဲ ရတဲ့အခွင့်အရေးကို အကောင်းဆုံးဖြစ်အောင် အသုံးချဖို့၊ ဒီပညာရပ်ကို အစကနေ စရမှာဖြစ်တဲ့အတွက် အစကောင်းမှ အနှောင်းသေချာမှာ ဖြစ်တဲ့အတွက် အစကောင်းဖို့ကိုလည်း ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်ပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အသက်မွေးဝမ်းကျောင်းပညာနဲ့ ပတ်သက်ပြီးတော့ ဒီမှာလာပြီးတော့ဆုံဆည်းတဲ့ တတိုင်းပြည်လုံးကတင်မက တခြားနိုင်ငံတွေကလာတဲ့ ဧည့်သည်များ ပါဝင် ပတ်သက်နေတဲ့ အားလုံးဟာ အသက်မွေးဝမ်းကျောင်းပညာရဲ့ တန်ဖိုးကို အဓိက ကျမတို့ နိုင်ငံသူ နိုင်ငံသားများ နားလည်နိုင်အောင် လက်ခံ နိုင်အောင် လုပ်ပေးနိုင်ဖို့ အရေးကြီးဆုံးပဲ”လို့ သူက ဆိုပါ တယ်။
အစိုးရအနေနဲ့ ပညာရေး ဝန်ကြီးဌာနကနေ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေ ဘယ်လောက်ဖွင့်ဖွင့် ဘယ်လိုပဲ ကောင်းအောင် လုပ်လုပ် နိုင်ငံသူ နိုင်ငံသားတွေက အသက်မွေးဝမ်းကျောင်းပညာကို ဒုတိယတန်းစား ပညာလို့ သတ်မှတ် ပြီး သားသမီးတွေကို တက္ကသိုလ်ကို အရင်လွှတ်၊ တက္ကသိုလ်မမီမှ အသက်မွေးဝမ်း ကျောင်းပညာဘက် သွားစေမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိမယ်ဆိုရင် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်လို့ ဆိုပါတယ်။
အခု မြန်မာနိုင်ငံမှာတော့ အသက်မွေးကျောင်း သင်တန်းကျောင်း၊ ကောလိပ်နဲ့ သိပ္ပံကျောင်း စုစုပေါင်း ၁၈၀ ခန့်ရှိပြီး ကျောင်းသား ခြောက်သောင်းကျော် မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နည်းပညာ၊ အသက်မွေးပညာနဲ့ လေ့ကျင့်ရေး နှီးနှော ဖလှယ်ပွဲ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။