ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့ တဲ့ ဇူလိုင်လ ၃ရက်နေ့က ရုရှားနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ရာမှာ ကာဇန် ဒေသ က Mi 17V-5 (နေတိုးအခေါ် Hip) ရဟတ်ယာဉ်များ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်ကြည့်ရှု့ခဲ့ တယ်လို့ ရုရှားသတင်း တွေကဆိုပါတယ်။
မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ Mi-17V-5 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ပုံစံထုတ်လုပ်ရာနေရာ တွေနဲ့ ရဟတ်ယာဉ်ပြခန်းတွေကို ကြည့်ရှု့ခဲ့သလို၊ ရုရှားဘက်ကလည်း Mi-17V-5 နဲ့ Ansat အမျိုး အစား ရဟတ်ယာဉ်တွေမှာ ပါရှိတဲ့ လူနာတင်အခန်း၊ ခရီးသည်ထိုင်ရာနေရာတွေနဲ့ VIP များအတွက် ထားရှိမှု နေရာ အပါ အဝင် အထူးသဖြင့် ရဟတ်ယာဉ်များကို ပျံသန်းပြခြင်း တွေကို ပြသခဲ့တယ်လို့ ရေးသားထားပါတယ်။
ရုရှား ရဟတ်ယာဉ်ထုတ်လုပ်မှု ဈေးကွက်နဲ့ စီးပွားရေးတိုးတက်မှု တာဝန်ခံ Alexander Shcherbinin က ယနေ့ အာရှ- ပစ္စဖိတ်ဒေသ ဈေးကွက်ဟာ ရုရှားရဟတ်ယာဉ်ထုတ်လုပ်မှုအတွက်တော့ အရေးပါ တဲ့ ဈေးကွက်ဖြစ်ပြီး၊ မျိုးဆက်သစ်ရဟတ်ယာဉ်တွေကို ရောင်းချရေးအတွက် ကမ်းလှမ်းဖို့ အသင့်ပြင် ထားတယ်လို့ ဆိုပါတယ်။
ကာဇန်ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံဟာ ရဟတ်ယာဉ်အစီးရေ ၁၅၀၀နီးပါး ထုတ်လုပ်ခဲ့ပြီး၊ Mi-17V-5အမျိုးအစား ရဟတ်ယာဉ်တွေ ကို ၁၉၉၅ ခုနှစ်ကတည်းက မြန်မာလေတပ်သို့ ရောင်းချခဲ့ရာ Mi-17 မျိုးကွဲ အစီးရေ ၂၀ကို မြန်မာကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်တဲ့အပြင် အပို ပစ္စည်းနဲ့ ရဟတ်ယာဉ်မောင်းသင်တန်းတွေကိုလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရုရှား ရဟတ်ယာဉ် ကုမ္ပဏီဟာ မြန်မာအတွက် M-24P အမျိုးအစား စစ်တပ်သုံး ရဟတ်ယာဉ် ၄စီးကို ပြုပြင်ထိန်းသိမ်းနေပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားရဟတ်ယာဉ်ထုတ်လုပ်ရာ နောက်ထပ်နေရာ တနေရာဖြစ်တဲ့ Rostvertol ကိုလည်း သွားရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများပါဝင်တယ် လို့ မြဝတီသတင်းကဆိုပါတယ်။
မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားခရီးစဉ်အတွင်းမှာ စိန့်ပီတာစဘတ်၊ ကာဇန်၊ ရော့စတော့အွန်ဒွန်နဲ့ Irkutsk မြို့တွေကို သွားရောက်ခဲ့သလို၊ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် ညွှန်ကြားရေးမှူး Mr. Alexander Fomin ဦးဆောင်သော အဖွဲ့နဲ့ ဆုံကာ အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်သည့်အချက်များကို ဆွေးနွေးခဲ့ကြသလို၊ ရုရှားလေတပ်ဦးစီးချုပ် General Victor Bondarev နဲ့တွေ့ဆုံကာ လေ့ကျင့်ရေးနဲ့ နှစ်နိုင်ငံတပ်မတော် အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေကို း ဆွေးနွေးခဲ့ကြတယ်လို့ မြဝတီသတင်းက လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ အစိုးရသစ်လက်ထက်မှာ မြန်မာ-ရုရှား စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆက်ဆံရေး သဘောတူညီမှုစာချုပ်အား လက်မှတ်ရေးထိုးခဲ့သလို၊ ၂၀၁၅ခုနှစ်က ဝယ်ယူထားတဲ့ ယာကိုလက်ဗ် အမျိုးအစား Yak-130 ၂ယောက်စီး အပေါ့စား တိုက်လေယာဉ် တအုပ် ဝယ်ယူခဲ့ပါသေးတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလကလည်း အလက်ဇန္နား မီခေးကော့ဗ် ဦးဆောင်တဲ့ ရုရှား ရဟတ် ယာဉ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ ဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့ တွေ့ ဆုံကာ Ansat နဲ့ Mi-26 ရောင်းချရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခဲ့သလို လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နဲ့ တွေ့ဆုံကာ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံရေးကိစ္စများကို ဆွေးနွေး ခဲ့ပါသေးတယ်။