သတင်း

မိုင်ဂျာယန် က ဖက်ဒရယ် ဥပဒေ ကျောင်း

This article has been converted from Zawgyi One to Unicode

လွန်ခဲ့တဲ့ ၄ နှစ်ခန့်က မီးရောင်တွေ တလက်လက်နဲ့ နေ့ရော ညပါ စည်ကားခဲ့တဲ့ မြို့တော်ကြီးက အခု တော့ နိုင်ငံခြား ရုပ်ရှင်ကားထဲက မြို့ပျက်ကြီးလို ခြောက်ကပ်နေပါတယ်။

စစ်ရေးအခြေအနေ ဘယ်လိုရှိမှန်းမသိတာက တကြောင်း၊ တရုတ်အစိုးရနဲ့ တပ်မတော်ဘက်က ဖိအားတွေ က တကြောင်း ရှိတာကြောင့် အရင်က စီးပွားရေးကို အုတ်အော်သောင်းတင်း လာလုပ်ခဲ့ကြတဲ့ တရုတ် လုပ်ငန်းရှင်တွေ အားလုံးနီးပါး မိုင်ဂျာယန်မြို့ကနေ ထွက်သွားကြတာ အခုဆိုရင် ၃ နှစ်ဝန်းကျင်လောက် ရှိပါပြီ။

ကျန်နေခဲ့တဲ့ ကာစီနိုဝိုင်းတွေ၊ ဟိုတယ်တွေနဲ့ လောင်းကစားရုံတွေ အများစုကတော့ ပိတ်ထားပေမယ့် မိုင်ဂျာယန် မြို့ ထောင့်တနေရာက တရုတ်စီးပွားရေး လုပ်ငန်းရှင်တဦး လာရောက် လုပ်ကိုင်နေတဲ့ စီးကရက် စက်ရုံကတော့ ဥပဒေကျောင်း တခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းက ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ရဲ့ ကာစီနိုရုံတွေနဲ့ ဟိုတယ်တွေကနေ ကျောင်းတွေ အဖြစ် ပြောင်းလဲသွားတဲ့ ကျောင်း ၄ ကျောင်းမှာ တကျောင်း အပါအဝင် ဖြစ်ပါတယ်။
အဲဒီကျောင်းကို ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်း (Federal Law Academy) လို့ အမည်ပေးပြီး ၂၀၁၄ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တာပါ ။

တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)ကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စပြီး KIA နယ်မြေ အတွင်းမှာ ရှိကြတဲ့ တက္ကသိုလ် တက်ရမယ့် လူငယ် ၁၀၀ ကျော်ဟာ အစိုးရနယ်မြေထဲက တက္ကသိုလ်တွေ တက်နိုင်ဖို့ အခွင့် အလမ်းတွေ ပိတ်ဆို့သွားခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့က တက္ကသိုလ်တက်ရမယ့် ကျောင်းသား ၁၀၀ ကျော်က အိမ်တွေမှာပဲ တိုက်ပွဲပြီးမယ့်ရက်နဲ့ တက္ကသိုလ်တက်ရမယ့် ရက်တွေကို စောင့်နေခဲ့ရတယ်လို့ လက်ရှိ မိုင်ဂျာယန်မြို့မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေက ပြောပြပါတယ် ။

သူတို့ထင်သလို တိုက်ပွဲမပြီးခဲ့ဘဲ တင်းမာမှုတွေ ပိုပြီးဖြစ်လာတဲ့အခါမှာတော့ KIA က ခေါင်းဆောင်အချို့က ဦးစီးပြီး ဥပဒေ ပညာကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေ အနာဂတ်မှာ ပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့နဲ့ နိုင်ငံတကာမှာ ပညာသင်ဆုတွေ လျှောက်ပြီး ကျောင်းဆက်တက်နိုင်ဖို့ မြန်မာနိုင်ငံ အနာဂတ် နိုင်ငံရေးရဲ့ တထောင့်တနေရာမှာ ကူညီ နိုင်အောင် မိုင်ဂျာယန်မြို့မှာ ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်း (FLA) ကို ဖွင့်လှစ်ခဲ့တာလို့ ကျောင်းက ဆရာ တဦး ဖြစ်တဲ့ ဦးခေါန်လွမ်းက ပြောပြပါတယ်။

ဦးခေါန်လွမ်းက “၂၀၁၁ မတိုင်ခင်အထိက ဒီနယ်စပ်က လူငယ်တွေက မြစ်ကြီးနား ဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ်ပညာရေးပိုင်း မှာ သွားပြီး ဆည်းပူး လေ့လာခွင့်ရှိခဲ့ပေမယ့် ၂၀၁၁ နောက်ပိုင်းမှာတော့ ပိတ်လိုက်ခြင်းခံရတယ် ”လို့ ပြောပြပါတယ်။

ကျောင်းကိုတော့ အရင်က တရုတ်လုပ်ငန်းရှင်တဦးကို စီးကရက်စက်ရုံလုပ်ဖို့ ငှားထားတဲ့ အဆောက်အအုံနေရာမှာ ဖွင့်လှစ် ထားပြီး KIA က ဦးစီးတယ်လို့ သိရပါတယ်။

ဖက်ဒရယ်ကျောင်း ဖွင့်ပြီးတဲ့ နောက်မှာတော့ ဥပဒေပညာကို နိုင်ငံတကာအဆင့်မီ လေ့လာချင်တဲ့ ကျောင်းသူ ကျောင်း သား တွေ အတွက် အခွင့်အလမ်းရခဲ့တယ်လို့ ဦးခေါန်လွမ်းက ဆိုပါတယ်။

ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှာ ၁၀ တန်းအောင်ပြီးတဲ့ ကျောင်းသားတွေကို ပညာသင်ကြားဖို့ လက်ခံပြီး ပညာသင် နှစ် ၁ နှစ်အတွက် ကျောင်းသား ဦးရေ ၆၀ ကိုသာ လက်ခံတယ်လို့ သိရပါတယ်။

ကျောင်းလျှောက်နိုင်တဲ့သူတွေက အခြေခံပညာအထက်တန်း အောင်မြင်ထားတဲ့ ပြည်တွင်းက တိုင်းရင်းသား လူမျိုး တမျိုး ဖြစ်ရမှာ ဖြစ်ပြီး အသက် ၃၅ နှစ်အောက် ရှိရမယ်လို့ ကြေညာထားပါတယ်။

ဖက်ဒရယ်ကျောင်းမှာ လျှောက်လာတဲ့သူတွေ အနက် တိုင်းရင်းသားပြည်နယ်တွေမှာ အခြေချ နေထိုင်တဲ့သူတွေကို ဦးစားပေးအနေနဲ့ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပြီး အင်္ဂလိပ်စာ အခြေခံလည်း ပိုင်နိုင်ရမယ်လို့ သိရပါတယ်။

ပညာသင်နှစ်တခုကို ၂ နှစ် သတ်မှတ်ထားပြီး စာသင်နှစ်အတွင်းမှာ ကျောင်းအိပ်ကျောင်းစား နေရမှာ ဖြစ်လို့ ယူနီဖောင်း ဖိုးအဖြစ် တရုတ်ယွမ်ငွေ ၃၀၀ ၊ စာရေးကိရိယာဖိုး ယွမ် ၂၀၀ နဲ့ စားသောက်စရိတ် ယွမ် ၃၀၀၀ ကိုတော့ ကျောင်းသား ဘက်က ကုန်ကျခံရမှာ ဖြစ်ပါတယ်။

အဲဒီကျောင်းမှာ ဥပဒေ ပညာနဲ့ပတ်သက်တဲ့ ဘာသာရပ် ၂၂ ဘာသာကို သင်ကြားပေးတယ်လို့ ဦးခေါန်လွမ်းက ပြောပြ ပါတယ်။

ဥပဒေစိုးမိုးရေးနှင့် ဥပဒေသိပ္ပံ ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ ၊ နိုင်ငံတကာ ဥပဒေ ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေမိတ်ဆက် ၊ နိုင်ငံတကာ လူသားချင်းစာနာသော ဥပဒေ ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ လွတ်လပ်သော တရားစီရင်ရေး၊ မျှတသော စစ်ဆေး စီရင်မှု ၊ ဥပဒေ သုံးသပ်ခြင်းနဲ့ လက်တွေ့ အသုံးချမှု ၊ ပြည်နယ်များဆိုင်ရာ ဥပဒေများ၊ မြေယာ ဥပဒေ၊ အလုပ်သမားဥပဒေ နဲ့ ဖက်ဒရယ် စနစ် တို့ ပါဝင်ပါ တယ်။

အဲဒီဘာသာရပ်တွေအပြင် လူထု အဓိက လူ့အဖွဲ့အစည်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေများ ( ပြစ်မှုဆိုင်ရာဥပဒေ- ရာဇသတ်ကြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ အထူး ဥပဒေများ ) ၊ တရားမဥပဒေများ ( တရားမကျင့်ထုံးဥပဒေ၊ ပဋိညာဉ် ဥပဒေ၊ တရားမ နစ်နာမှု ဥပဒေ )နဲ့ သက်သေ ခံ ဥပဒေ ဘာသာရပ်တွေကို သင်ကြားပေးတယ်လို့ ဦးခေါန်လွမ်းက ဆိုပါတယ် ။

ကျောင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက FLA ကျောင်းကို တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး အပါအဝင် ဆွီဒင ်နိုင်ငံရှိ စတော့ဟုမ်းတက္ကသိုလ်က နိုင်ငံတကာ ဥပဒေပါမောက္ခ ဒေးဗစ်ဖစ်ရှာ၊ အင်္ဂလန် နိုင်ငံရှိ ဘန်ဂေါ တက္ကသိုလ် က နိုင်ငံတကာ ဥပဒေဥက္ကဋ္ဌ နဲ့ ပါမောက္ခ ဒေါက်တာ ဆူဇင်နာလင်တန် ၊ အင်္ဂလန် နိုင်ငံ၊ မြောက်ပိုင်းအိုင်ယာလန်က ဥပဒေကော်မရှင်နာနဲ့ ဝတ်လုံတော်ရ ဒေါက်တာ ဗင်းခတ် အိုင်ယာ ၊ ဟောင်ကောင်နိုင်ငံ၊ ဟောင်ကောင်တက္ကသိုလ် က ဥပဒေဌာန ၊ ဥပဒေပါမောက္ခ နဲ့ ဝတ်လုံ တော်ရ ဆိုင်မွန်ယန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ကျောင်းမှာ သင်ကြားတဲ့ သင်ရိုးညွန်းတန်းတွေကိုတော့ အဆိုပါ ဘုတ်အဖွဲ့ဝင် တွေကပဲ နိုင်ငံတကာကျောင်းက သင်ရိုးညွှန်းတန်းတွေနဲ့ ကိုက်ညီအောင် ပြုစုထားတယ် လို့လည်း ဦးခေါန်လွမ်း က ဆိုပါတယ်။
ဧရာဝတီသတင်းဌာနက ဖက်ဒရယ် အကယ်ဒမီ ကျောင်းကို ရောက်တဲ့အချိန်က ကျောင်းပိတ်ထားလို့ ကျောင်းသူ ကျောင်း သားတွေ နေရပ်အသီးသီးကို ပြန်နေကြတာကြောင့် လဖိုင်အာရွန်ဆိုတဲ့ ကျောင်းသား တဦးတည်းနဲ့ပဲ တွေ့ခဲ့ရပါတယ်။

သူကတော့ မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဥပဒေပညာနဲ့ ဘွဲ့ရပြီးနောက် ဖက်ဒရယ် အကယ်ဒမီ ကျောင်းမှာ လာပြီး တက်ရောက်နေတာလို့ ပြောပြပါတယ်။

ဥပဒေဘွဲ့ရပြီးတဲ့နောက်မှာ အာရွန်က KIA မှာ အမှုထမ်းဖို့ ဆက်သွယ်ပြီး လိုင်ဇာမြို့ကို လာခဲ့ပါတယ်။

KIA က အရာရှိတွေက အမှုမထမ်းဘဲ ဥပဒေ ဘွဲ့ရပြီးသား ဖြစ်လို့ ဖက်ဒရယ် အကယ်ဒမီကျောင်း ကို ဆက်တက်ပြီး အနာဂတ် ဖက်ဒရယ် လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ ပြောခဲ့တာကြောင့် မိုင်ဂျာယန်မှာ KIA က ထောက်ပံ့မှုနဲ့ ကျောင်းလာ တက်နေတာ ဖြစ်တယ်လို့ ပြောပြပါတယ်။

ဆက်လက်ပြီး အာရွန်က “ကျနော့်လို KIA က ထောက်ပံ့မှုနဲ့ ကျောင်းတက်နေတဲ့ လူငယ် ဒီမှာ ၁၀ ယောက် လောက် ရှိတယ်” လို့လည်း ပြောပါတယ်။

အဲဒီအပြင် ကျောင်းမှာ KIA က အမှုထမ်းတွေလည်း လာရောက် သင်ကြားနေတာ ရှိတယ်လို့ ပြောပြပါတယ်။

ကျောင်းမှာတော့ ဘာသာရပ်တွေ အားလုံးကို အင်္ဂလိပ်လိုပဲ သင်ကြားတာကြောင့် အင်္ဂလိပ်စာ တိုးတက်မှု လည်း ရှိလာတယ်လို့ အာရွန်က ပြောပြပါတယ်။

မန္တလေးမြို့မှာ ဥပဒေကျောင်း တက်ခဲ့စဉ်က စာတွေကို မှတ်မိဖို့ ကျက်မှတ်တဲ့ နည်းကို ဆရာ ဆရာမတွေက သင်ပေးခဲ့ ပေမယ့် မိုင်ဂျာယန် ကျောင်းမှာတော့ ဥပဒေ ပညာရဲ့ အားသာချက် ၊ အားနည်းချက်တွေကို ရှင်းပြ နှိုင်းယှဉ်ပြီး သင်ပြပေး တယ်လို့ အာရွန်က ဆိုပါတယ်။

ဥပဒေပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေရဲ့ အားသာချက်၊ အားနည်း ချက်တွေနဲ့ ဥပဒေ တခု ရေးဆွဲရာမှာ လိုအပ်ချက်တွေကိုလည်း နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ရှင်းပြတယ် လို့လည်း အာရွန်က ပြောပြပါသေးတယ်။

ကျောင်းသူ ကျောင်းသားတွေကို စာသင်တာအပြင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ ကွင်းဆင်း လေ့လာခိုင်းတာ၊ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ အမှုတွေကို ကျောင်းတွင်းမှာ လေ့လာခိုင်းတာမျိုးတွေနဲ့ ကျောင်းတွင်း အားကစား လုပ်ခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျောင်းတွင်းမှာ အဓိက ဥပဒေပညာ လေ့လာဖို့ အချိန်ယူခိုင်းပြီး ညတိုင်း ၈ နာရီဆိုရင် ကျောင်းတံခါး ပိတ်တယ်လို့လည်း အာရွန်က ပြောပြပါတယ်။

“တခြား ထွေထွေထူးထူး ပိတ်ပင်ထားတာ မရှိပေမယ့် ကျောင်းပြင်ပ မိုင်ဂျာယန်မြို့ထဲသွားမယ် ဆိုရင်တော့ ခွင့်တိုင်ရ တယ်“လို့လည်း ဆိုပါတယ်။

မိုင်ဂျာယန် ဖက်ဒရယ်ကျောင်းမှာ လာတက်ကြတဲ့ ကျောင်းသူ ကျောင်းသားတွေက အနာဂတ်မှာ ဖက်ဒရယ် စနစ်ကို ပြောင်းလဲတဲ့အခါမှာ ပါဝင်ကူညီနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုယ်စီ ရှိကြတယ်လို့လည်း အာရွန်က ပြောပါတယ်။

“ကျနော်လည်း ကျောင်းပြီးရင် တတ်နိုင်တဲ့ဘက်က ကချင်ပြည်နယ် ဖွံ့ဖြိုးရေးပိုင်းတွေမှာ ကူညီမှာ။ ဒါပဲ သေချာလုပ်မှာ ” လို့လည်း အာရွန် က ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာတော့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းရဲ့ ပထမဦးဆုံး ကျောင်းသားတွေ အောင်စာရင်း ထွက်ခဲ့ ပါတယ် ။

အာရွန် အပါအဝင် အောင်မြင်သူက တဝက်ခန့်ရှိပြီး တဝက်ခန့်ကတော့ စာမေးပွဲ ပြန်လည်ဖြေဆိုဖို့ ကျောင်းပြန် တက်ကြ မယ်လို့ သိရပါတယ်။

ဦးခေါန်လွမ်းက “၂ နှစ်ပြီးလို့ အရည်အချင်းပြည့်မီပြီး အောင်တဲ့ ကျောင်းသားတွေကို ပရော်ဖက်ဆာ ဒေးဗစ်ဖစ်ရှာ၊ ဒေါက်တာ ဗင်းခတ်နဲ့ ဆရာအောင်ထူးတို့ လက်မှတ်နဲ့ Certificate ထုတ်ပေးမယ်။ Diploma in Law ရမယ် ” လို့ ရှင်းပြ ပါတယ်။

ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်းကနေ အရည်အချင်းပြည့်မီပြီး အောင်မြင်သွားတဲ့ ကျောင်းသူကျောင်းသား တွေကို တော့ ကျောင်းမှာ အလုပ်ပြန်ခန့်တာ၊ နိုင်ငံတကာကျောင်းတွေမှာ စကော်လာလျှောက်နိုင်ဖို့ အတွက် စာတွေ ထပ်ပြီး လေ့လာဖို့ ဆောင်ရွက်ပေးတာမျိုး လုပ်ပေးဖို့ အစီအစဉ်တွေ ရှိတယ်လို့လည်း ဦးခေါန်လွမ်းက ပြောပါတယ်။

ဖက်ဒရယ် အကယ်ဒမီ ဥပဒေကျောင်းရဲ့ ပထမ ပညာသင်နှစ်မှာတော့ ကျောင်းသား ဦးရေ ၅၅ ဦး တက်ရောက်ခဲ့ပြီး ကချင် တိုင်းရင်းသား အများစု နဲ့ ပလောင် (တအန်း) တိုင်းရင်းသား တချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒုတိယ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၄၀ ကျော် တက်ရောက်ပြီး ကချင် တိုင်းရင်းသားများ အပါအဝင် ကရင်၊ ကရင်နီ နဲ့ ရခိုင် တိုင်းရင်းသားများ ပါဝင်တယ်လို့ သိရပါတယ်။

မိုင်ဂျာယန်မြို့က KIA ရဲ့ စီးပွားရေးဘက်ကနေ ကြည့်ရင် ကာစီနိုဝိုင်းတွေနဲ့ စက်ရုံတွေ ပိတ်လိုက်ရတာကြောင့် ဆုံးရှုံး မှုတွေ ရှိတယ်လို့ ဆိုနိုင်ပေမယ့် အနာဂတ်အတွက်တော့ လူငယ်တွေရဲ့ ပညာရေးအတွက် ကျောင်းတွေ ထူထောင်နိုင်ခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ ။

Loading