၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတက တိုက်ရိုက်အုပ်ချုပ်တဲ့ နေပြည်တော် ကောင်စီ နယ်မြေမှာ စစ်မှန် တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက် လာဖို့နဲ့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်တွေ အောက် ခြေ အထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ လေ့လာနေပြီလို့ နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောဆိုလိုက်ပါတယ်။
ယမန်နေ့ နေပြည်တော် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်ခဲ့တဲ့ နေပြည်တော်ကောင်စီ နယ်မြေ အတွင်း လွှတ်တော် ကိုယ်စားလှယ်၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါက်တာ မျိုးအောင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကောင်စီဝင်တွေ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးရဲ့ လည်ပတ်ပုံတွေကို အခြေခံ ကျကျ လေ့လာ သုံးသပ်ဖို့ လာတာ ဖြစ်တယ်။ အခု အစိုးရသစ် တာဝန်ယူလာတာ ရက် ၁၀၀ ပြည့်တော့မယ်။ ဘာပြောင်းလဲချင် တာလဲ ဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာရေးပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
အုပ်ချုပ်ရေး ယန္တရားက ပြည်သူလူထုရဲ့ ဘဝလုံခြုံမှု အပြည့်အဝပေးနိုင်တဲ့ စနစ်ရတဲ့အထိ ပြောင်းလဲပေးနိုင်ဖို့က သမ္မတအုပ်ချုပ်တဲ့ နေပြည်တော် ကောင်စီနဲ့ တိုက်ရိုက် သက်ဆိုင်နေသလို အဲလို ဖြစ်ဖို့အတွက် လက်တွေ့ လုပ်ငန်းဆောင်ရွက်တဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေက အောင်မြင်အောင် မလုပ်နိင်ဘူးဆိုရင် အစိုးရ ယန္တရားကြီး တခုလုံး အောင်မြင်မှာ မဟုတ်ပါဘူးလို သူက ပြောပါတယ်။
“ဒါကြောင့် အောက်ခြေကို ဆင်းလာပြီး အသံတွေကို နားထောင်ရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူ တွေ ရွေးချယ်တဲ့ အစိုးရ ဖြစ်ရမယ်။ ပွင့်လင်း မြင်သာမှု ရှိရမယ်။ တရားဥပဒေ စိုးမိုးမှု ရှိရမယ်။ ပြည်သူတွေ ပါဝင်နိုင်ရမယ်။ နေပြည်တော်ကောင်စီက အောက်ခြေ ပြည်သူတွေနဲ့ အနီးကပ်ဆုံး တွေ့ရ အောင် ဒီလို တွေ့ဆုံပွဲတွေ စီစဉ်တာ ဖြစ်တယ်”လို့ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီက ရွေးကောက်ပွဲ မဝင်ခင်မှာ ကြွေးကြော်ခဲ့တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ မူဝါဒအတိုင်း အပြောင်းအလဲကို ဖော်ဆောင်ဖို့ ကြိုးစားတဲ့အခါ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်လို့ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
“အောက်ခြေမှာရှိတဲ့ စီမံကိန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း ပြည်သူက မပါဝင်ရင် မအောင်မြင်ဘူး။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ပေးတဲ့ စနစ် ဖြစ်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေ လူအခွင့်အရေး ထိခိုက်မှုကိစ္စတွေကို ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ ကိစ္စတွေကို ညီအောင်လုပ်ပေးမှာ ဖြစ်တယ်။ ပြည်သူလူထု ဘ၀ လုံခြုံမှုရှိတဲ့ အုပ်ချုပ်ရေးစနစ် အတတ်နိုင်ဆုံး အပြည့် အဝပေးတဲ့ စနစ်ကို ဖော်ဆောင်ပေးဖို့ ဆိုတာ NLD အစိုးရရဲ့ ရည်မှန်းချက် တခုပါ”လို့ ပြောပါတယ်။
နေပြည်တော် ကောင်စီနယ်မြေမှာ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒဏ္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တို့ ဆိုပြီး မြို့နယ် ၈ ခုရှိရာမှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် အနေနဲ့ မြို့နယ် ၆ ခုအထိ သွားရောက်လေ့လာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။