အနာဂတ်တွင် တိုင်းရင်းသားများနှင့် ညှိနှိုင်းပြီး အကောင်အထည် ဖော်မည့် ဖက်ဒရယ်စနစ်ကို သွားရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ခေါင်းဆောင်များကို ကတိပေး ပြောဆိုခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များမှာ သြဂုတ်လအတွင်း ကျင်းပရန် ရည်ရွယ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံချိန်မှာ ၁ နာရီ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များမှာ ကွဲကွာနေသည့် မိသားစုများ ပြန်လည် ဆုံတွေ့ပြီး အပြန်အလှန် စကားပြောကြသည့် ပုံစံဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး ကော်မတီမှ ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ခေါင်းဆောင်များကို ၎င်းဖြတ်သန်းခဲ့ရသည့် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် ကာလများကို ရှင်းပြပြီး ၎င်း၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်သူများကို ကတိပေးခဲ့သည့်အတိုင်း ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားအားလုံးနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူသည်ဟုလည်း ပြောဆိုခဲ့ကြောင်း၊ ယခု အခါတွင်လည်း ဖက်ဒရယ်စနစ်ကို သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ကတိပေးပြောဆိုခဲ့သည်ဟု ဦးလှမောင်ရွှေက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “တိုင်းရင်းသားတွေက ဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးတော့ အားလုံး ညှိနှိုင်းပြီး သွားမယ့် ဖက်ဒရယ်ကိုပဲ သွားချင်တဲ့အတွက် အထူးသဖြင့် အားလုံးကို ဆက်ပြီးတော့ ပါဝင်ဖို့ ပြောတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များအကြား ၁၉၄၇ ခုနှစ်က ပြုလုပ်ခဲ့သည့် ပင်လုံ နှင့် ယခု ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သတ်၍ ဆွေးနွေးမှုများ မရှင်းလင်းသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။
“ခြုံပြီးပြောရရင် ယုံကြည်မှုတွေ အများကြီးရှိလာတဲ့ အနေအထား၊ ပြီးတော့ တယောက်နဲ့ တယောက် အတော်လေး ရင်းနှီးပြီး နောက်ပိုင်း အမြင်တွေ ဖလှယ်နိုင်တဲ့ သဘောထားမျိုး၊ အများကြီး ကောင်းတယ် လို့ ပြောချင်ပါတယ်” ဟုလည်း ဦးလှမောင်ရွှေက မှတ်ချက်ပြုသည်။
၂၁ ရာစု ပင်လုံညီလာခံအတွက် တိုင်းရင်းသား ခေါင်းဆောင်များမှလည်း အခက်အခဲများကို ကြိုးစားပြီး ဖြေရှင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်ဟုလည်း သိရသည်။
UNFC ခေါင်းဆောင်များဘက်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အားလုံးပူးပေါင်း ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် လက်တွေ့ စဉ်းစားချက်များကို ဆွေးနွေးခဲ့ပြီး စစ်ပဋိပက္ခတွင် ပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တပြိုင်နက်တည်း အပစ်အခတ် ရပ်စဲရေး ကြေငြာရန် မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တပ်မတော်မှ ထိုးစစ်ဆင် နေခြင်းများကို ရပ်တန့်ပေးရန်လည်း UNFC ဘက်မှ ပြောဆိုဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကော်မတီမှ ဇူလိုင်လ ၂၀ ရက်တွင် DPN ကိုယ်စားလှယ် များနှင့် ထပ်မံတွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ၂၁ရာစုပင်လုံညီလာခံ ကျင်းပရေးကော်မတီမှလည်း လာမည့် ရက်ပိုင်း အတွင်း တပ်မတော်မှ လက်နက်စွန့်မှ ငြိမ်းချမ်းရေးတွင် ပါဝင်ရမည်ဟုပြောဆို ထားသည့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်အဖွဲ့ ( MNDAA) ၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဦးလှမောင်ရွှေက ပြောသည်။
ထို့ပြင် ၂၁ရာစုပင်လုံညီလာခံ ကျင်းပရာတွင် ပါဝင်လာရေးအတွက်လည်း ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) တို့ကိုလည်း ဖိတ်စာများ ပေးပို့သွားရန် ရှိသည်ဟု သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက် ခဲ့သည်။
UNFC ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်ထောမွန် ၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP/SSA) မှ ဒုဗိုလ်ချုပ်ကြီး ဆေထင် ၊ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) မှ ခွန်အေဘယ်တွိဒ် နှင့် ခူဦးရယ်တို့ တတ်ရောက်ပြီး နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွ့ဲ (DPN) ကိုယ်စားလှယ်များ တတ်ရောက်ခဲ့သည်။