တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိ တရ ဂုဏ်ပြုကြဖို့ ဇူလိုင် ၁၉ မှာကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် နိုင်ငံတဝှမ်း ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ဒါဟာ NLD အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ယခင်နှစ်တွေထက် တိုင်းနဲ့ပြည်နယ် အသီးအသီးမှာ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ခမ်းခမ်းနားနား ဆောင်ရွက်ကြဖို့ စီစဉ်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
၆၉ နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံ တဝန်းလုံး တိုင်ဝက်လွှင့်ထူဖို့၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဥသြဆွဲ အချက်ပေးဖို့နဲ့ အဲဒီအချိန်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေ ခေတ္တရပ်ပြီး ဟွန်းတီးစေဖို့ နိုင်ငံတော်သမ္မတရုံးကတဆင့် အစိုးရရုံးဌာန အားလုံးကို ဇူလိုင် ၁၃ ရက်မှာ ညွန်ကြားချက် ထုတ်ပြန်ထား ပါတယ်။
ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က လုပ်ခွင့်မပေးခဲ့တာတွေကို လုပ်ခွင့်ရလာတာကြောင့် ၆၉ နှစ်မြောက် အာဇာနည်နေ့က ယခင်ထက် ပိုပြီး ပြည့်စုံတဲ့ နေ့တနေ့ ဖြစ်လာမယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။
အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မှာပါ။ အဲဒီအပြင် ထူးခြားချက်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အာဇာနည် ဗိမာန်မှာကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် ဂါရဝပြုသွားမယ်လို့ သိရပါတယ်။
အဲဒီနေ့မှာ အာဇာနည်ဗိမာန်၊ ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းတက်ချိန်က နေထိုင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရှိ ပဲခူးဆောင်ကိုလည်း အများပြည်သူအားလုံး ဝင်ရောက် ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။
အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနား အတွက် ပြည်ထောင်စုအဆင့် ကော်မတီတွေ ဖွဲ့စည်းပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့တာ ဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူနေကြပြီ ဖြစ်ပါတယ်။
NLD အဖွဲ့ချုပ် ဗဟို အနေနဲ့ကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတာ မရှိပေမယ့် မြို့နယ်အများစုမှာ ကိုယ်ပိုင် အစီအစဉ်နဲ့ ကျင်းပကြမယ်လို့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
အဖွဲ့ချုပ် အစီအစဉ်အနေနဲ့ NLD ရုံးချုပ်မှာ မနက် အရုဏ် ဆွမ်းကပ်ပြီး ၁၀ နာရီ ၃၇ မိနစ် ဥသြဆွဲတဲ့အချိန်မှာ အလေးပြုခြင်း၊ နေ့လယ် ၁ နာရီခွဲတွင် အာဇာနည်နေ့ကြေညာချက် ဖတ်ခြင်း၊ သဘာပတိ မိန့်ခွန်းပြောခြင်း စတဲ့ အစီအစဉ်တွေနဲ့ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမယ်လို့ သိရပါတယ်။
ဦးဉာဏ်ဝင်းက “ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင်တွေဟာ ဘယ်သူလဲ။ လွတ်လပ်ရေး ကျေးဇူးရှင်တွေဟာ ဘယ်သူလဲ ဆိုတာ နောက်မျိုးဆက်တွေ အားလုံး သိဖို့လိုပါတယ်။ သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း သိဖို့လိုပါတယ်။ ဒါမှ အတုယူဖို့ကောင်း နမူနာတွေကို သိလာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့လူမှုဘဝ တိုးတက်မြင့်မားရေး အသင်းအနေနဲ့ အာဇာနည်နေ့အတွက် အထူးအစီအစဉ် တခုအဖြစ် ကလေးငယ် ၁၁၀ ကို ဗိုလ်ချုပ်အောင် ဆန်း ဝတ်ဆင်ခဲ့တဲ့ စစ်ယူနီဖောင်း ပုံစံတူ ဝတ်စုံ နဲ့ တိုင်းရင်းသား ဝတ်စုံ ဝတ်ပြီး အာဇာနည်နေ့မှာ အလေးပြုကြဖု့ိ လည်း ရှိပါတယ်။
အဲဒီကလေးတွေက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဝတ်စုံပြည့် ဝတ်ဆင်ပြီး လေ့ကျင်ပြင်ဆင်မှုကို ဇူလိုင်လ အတွင်းမှာ ပြုလုပ်ထားကြပါတယ်။
“မျိုးဆက်သစ်တွေကို အောင်ဆန်းစိတ်ဓာတ် လက်ဆင့်ကမ်းပေးနိုင်ဖို့၊ နိုင်ငံတော်အဆင့် တနိုင်ငံလုံး ဂုဏ်ပြုအပ်တဲ့ အာ ဇာနည်ပုဂ္ဂိုလ်တွေ အပါအဝင် တိုင်းပြည် အတွက် တန်ဖိုးထားရတဲ့ ခေါင်းဆောင်လောင်းလျာတွေ ပေါ်ထွက်လာဖို့ စံနမူနာ ကောင်း၊ အမွေကောင်းတွေကို လက်ဆင့်ကမ်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်” လို့ အသင်းရဲ့အတွင်းရေးမှူး ဦးနေမျိုးဇင်က ရှင်းပြပါတယ်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီအချိန်ဆိုရင် မန္တလေးမြို့တော်ခန်းမမှာ ဆရာတော်တွေကို ဆွမ်းကပ်ပြီး တရားနာမှာဖြစ်ပါတယ်။ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်မှာတော့ မန္တလာသီရိ အားကစားကွင်းရှေ့ ရင်ပြင်မှာ စစ်ရေးပြ အခမ်းအနား၊ အလေးပြုခြင်းနဲ့ ဥသြဆွဲခြင်းတို့ကို ပြည်သူလူထုနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်သလို ခရိုင်နဲ့ မြို့နယ်အသီးသီးမှာလည်း အခမ်းအနားတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့မှာ အာဇာနည် ၉ ဦးကို အလေးပြုမယ်၊ နံနက် ၉ နာရီခွဲမှာ ဆွမ်းကပ်ပြီး ၁၀ နာရီ ၃၇ မိနစ်တိတိမှာ ရေစက် ချ အမျှဝေမယ်။ တပြိုင်နက်တည်းမှာဘဲ မီးသတ်ဌာနက ဥသြဆွဲမယ်၊ တမြို့နယ်လုံးက ဆိုင်ကယ်တွေ ဟွန်းတီးကြမယ်၊ မြို့ နယ် NLD ရုံးမှာ ဟောပြောပွဲလုပ်မယ်၊ ဗိုလ်ချုပ်နေအိမ်မှာ ပြခန်းလေးတွေဖွင့်ဖို့ စီစဉ်ထားတယ်လို့ တိုင်းဒေသကြီး လွှတ် တော်အမတ် ဦးသောင်းရွှေက ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာလည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေက ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အတွက် ဆွမ်းကပ် လှူဒါန်းမှုတွေ ပြုလုပ်မှာဖြစ်ပြီး ဒေသခံ ပြည်သူတွေက အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားသလို စာပေဟောပြောပွဲတွေလည်း ပြုလုပ် ကြမှာဖြစ်ပါတယ်။