၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးမူကြမ်းကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းအဆင့်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လိုသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောဆိုလိုက်သည်။
“မူကြမ်းက အားလုံးသဘောတူလက်ခံတဲ့ မူကြမ်းဖြစ်ဖို့ လိုတယ်။ မူကြမ်းပြန်လည်သုံးသပ်ရာမှာ အားလုံးပါဝင်နိုင်ခြင်း မရှိရင် အားလုံးကလက်ခံသဘောတူထားတဲ့မူကြမ်း ဖြစ်မလာခဲ့ရင် ညီလာခံကိုကျင်းပတဲ့အခါ ကိုယ်စားလှယ်ပုံစံ အနေအထားနဲ့ ပတ်သက်လို့ အခက်အခဲကြုံတွေ့ရနိုင်တယ်” ဟု UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်တို့ ဇူလိုင် ၁၇ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယနေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ၌ ခူဦးရယ်က အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည် ။
၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လကုန်ပိုင်း၌ ကျင်းပရန်လျာထားပြီး ညီလာခံကျင်းပမှုနှင့် ပတ်သက်သည့် မူကြမ်းကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲများက ပြန်လည်လေ့လာသုံးကြပြီးနောက် သြဂုတ်လ ပထမအပတ်တွင် အတည်ပြုကြမည် ဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို အခြေခံသွားမည် ဖြစ်သည့်အတွက် NCA ကို လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ကို ပါဝင်ရေးဆွဲခဲ့ခြင်း၊ အတည်ပြုခြင်းနှင့် မူကြမ်းသုံးသပ်ခြင်းတို့တွင် ပါဝင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ညီလာခံသို့ တက်ရောက်ရန် အခက်အခဲများ ရှိနိုင်သည်ဟု ခူဦးရယ်က ထောက်ပြပြောဆိုသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်ပါက ပြဿနာများ ပေါ်လာနိုင်သဖြင့် တနိုင်ငံလုံး ဘဝလုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ခူဦးရယ်က မှတ်ချက်ပြုသည်။
အလားတူ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ထောမွန်က “ အပစ်အခတ် ရပ်တာရော၊ မရပ်တာရော ဆွေးနွေးပွဲမှာ ပါဝင်ဖို့ တန်းတူအခွင့်အရေးပေးဖို့ လိုတယ်။ အားလုံးပါဝင်ဖို့ လိုတယ်” ဟု ဆိုသည်။
လက်ရှိအစိုးရသည် စစ်အစိုးရမဟုတ်ဘဲ အရပ်သားအစိုးရဖြစ်သောကြောင့် ဇူလိုင်လ ၁၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံခဲ့ရာတွင် ထွက်ပေါ်လာသည့် သဘောထားများသည် တိုင်းရင်းသားများ၏ သဘောထားနှင့် မကွာဟလွန်းသဖြင့် ဖက်ဒရယ်စနစ်ကို ယခုအစိုးရနှင့် တည်ဆောက်နိုင်ရန် ယုံကြည်မှုရှိကြောင်း နိုင်ထောမွန်က ဆက်ပြောသည်။
ညီလာခံ ကျင်းပရေးမူကြမ်းအား ပါဝင်သုံးသပ်ရန်အတွက် အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA မချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကို ဖိတ်စာများပေးထားပြီး ဖြစ်သည်ဟု သိရသည်။
စစ်ရေးအခြေအနေ တင်းမာဆဲဖြစ်နေသည့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရကိ္ခုင့်တပ်မတော် (AA) တို့ကို ဖိတ်ကြားထားခြင်း မရှိသေးသော်လည်း အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီက ထပ်မံသွားရောက်တွေ့ဆုံပြီး ထိုအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်မည်ဟု သိရသည်။
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့ကို မူကြမ်းပြန်လည်သုံးသပ်ရေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး MNDAA၊ TNLA ၊ AA တို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
UNFC ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရေးအတွက် ယခင်က အစိုးရနှင့်တွေဆုံမှု တကြိမ်တခါမှမရှိသေးသည့် ရခိုင် အမျိုးသားကောင်စီ (ANC) ၊ “ဝ” အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် လားဟူအမျိုးသား ဒီမိုကရက်တစ်ပါတီ (LDU) တို့ကိုပါ အစိုးရက ခေါ်ယူတွေ့ဆံုံပေးပါရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးသည် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်ရေးအတွက် မျက်နှာစုံညီ အစည်းဝေးတရပ်ကို ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် လာမည့်ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။