အရပ်သား အစိုးရလက်ထက် ပထမဆုံးကျင်းပမည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတိမြေ ဖြစ်သော မကွေးတိုင်း နတ်မောက်မြို့နယ်တွင်လည်း ကျင်းပမည်ဖြစ်ရာ ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ကျင်းပနိုင်မည် ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့တွင် ယခင် စစ်အစိုးရ လက်ထက်များ၌ အာဇာနည်နေ့ အခမ်းအနား ကျင်းပရန် တားဆီး ကန့်သတ်မှုများ ရှိခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် လွတ်လပ်စွာ ပြုလုပ်ခွင့် ရရှိပြီဖြစ်သည်ဟု ဆိုသည်။
နတ်မောက်မြို့နယ် NLD အတွင်းရေးမှူး ဦးသောင်းရွှေ က “အာဇာနည်နေ့ကို အရင်တုန်းကတော့ ဒီလိုပေါ်ပေါ်ထင်ထင် လုပ်ခွင့် မရခဲ့ရဘူးလေ။ ဒီနှစ်ကတော့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့ အထူး အလေးထားပြီး လုပ်ကြမှာပေါ့။ အတား အဆီး အနှောင့် အယှက်တွေ မရှိတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို နတ်မောက်မြို့ မြို့လယ်ခေါင်တွင်ရှိသော ဗိုလ်ချုပ်အောင် ဆန်း ရုပ်တုရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ် ပြတိုက်၌ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မှ ၉ နာရီအတွင်း ဂါရဝပြု အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ အခမ်းအနားကို NLD ပါတီ အပါအဝင် အခြားနိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာန ဆိုင်ရာ များ မြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် နီးစပ်ရာ ကျေးရွာများမှ တက်ရောက် ဂါရဝပြုကြမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် နတ်မောက်မြို့နယ် ပြည်သူ့ခန်းမတွင် သံဃာတော် ၁၀ ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ ၎င်းတို့ဆုံးပါခဲ့သည့် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ရေစက်ချ အမျှဝေခြင်းပြုလုပ်သွားမည်ဟု ဦးသောင်းရွှေက ပြောသည်။
ယင်းအချိန်နှင့် တပြိုင်တည်းတွင်ပင် မြို့နယ် မီးသတ်မှစ၍ မြို့ပေါ်ရှိ ကားများ၊ ဆိုင်ကယ်များကလည်း ဥသြဆွဲခြင်းများ ပြုလုပ်သွားရန် ရှိကြောင်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ကို ဂုဏ်ပြုချင်တယ်။ နောင်လာ နောင်သား တွေကိုလည်း လက်ဆင့်ကမ်းချင်တယ်။ အဲဒီနေ့ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာ တဆစ်ချိုး ပြောင်းလဲ သွားတဲ့ အခြေအနေပေါ့၊ နောင်တချိန်မှာ အာဇာနည်နေ့ဆိုတာ နောက်ထပ် ပေါ်မလာ စေချင်ဘူးပေါ့ဗျာ၊ လူထုကိုလည်း ကျနော်တို့က အဲဒီသတင်းစကား ပေးချင်တာပါ”ဟု ဦးသောင်းရွှေ က ပြောဆိုသည်။
အရပ်သား အစိုးရလက်ထက် အာဇာနည်နေ့ အခမ်းအနားများကို ဗိုလ်ချုပ် ဇာတိ နတ်မောက်မြို့အပြင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် စည်စည်ကားကား ကျင်းပကြမည်ဟု သိရသည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဂဠုန်ဦးစောနှင့် အပေါင်းအပါ တစုတို့၏ ပစ်ခတ် လုပ်ကြံ မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို ၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး အပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ကျဆုံးခဲ့ရသည်။
ထိုနေ့ကို အာဇာနည်နေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်။