၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့သည့်အပြင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းစတခုဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းက ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ ပြုလုပ် သော ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အစိုးရ ထိပ်တန်းအရာရှိကြီးများ၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ တက်ရောက် ခဲ့ကြောင်း၊ ယင်းသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တဦးအနေဖြင့် အာဇာနည်နေ့ အခမ်းအနားတက်ရောက်မှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းနှင့် NLD အသိုင်းအဝိုင်းက ကောင်းမွန်နိုင်ငံရေးဖြစ်စဉ် တခုအဖြစ် သုံးသပ်ပြောဆိုသည်။
“အမျိုးသားရင်ကြားစေ့ရေးအတွက် ကောင်းတဲ့ လက္ခဏာပါပဲ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။
ယင်းနောက် ဗိုလ်ချုပ်မှူးကြီးမင်ေးအာင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သော အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းပွဲသို့ သွားရောက်ပြီး ယင်းဆွမ်းကပ် လှူဒါန်းပွဲသို့ သူရဦးရွှေမန်း၊ ဒုသမ္မတဦးမြင့်ဆွေ၊ NLD နာယက ဦးတင်ဦး အပါအဝင် အစိုးရ၊ လွှတ်တော် ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းသို့ တက်ရောက်မှုသည် မြန်မာ့နိုင်ငံရေး အလားအလာကောင်း တရပ်ဖြစ်ကြောင်း NLD နာယက ဦးတင်ဦးက ဆိုသည်။
“ဒီနေ့ တွေ့တာ ဘာမှဆွေးနွေးတာတော့မရှိပါဘူး၊ စားတာသောက်တာပါပဲ၊ သူတို့အဲ့မှာ ဆွေးနွေးလား မဆွေးနွေးလား တော့ မသိဘူး စကားပြောပြီးကျန်ခဲ့တာ ကျနော်က ဒီကိုထွက်လာတာ။ ထူးဆန်းတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာတယ်၊ စကားပြော ဆုံးမတာတွေကို နားထောင်ပြီးတော့ ထမင်းစားကြတယ်” ဟု NLD နာယက ဦးတင်ဦးက ပြောသည်။
NLD အစိုးရသစ်လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနားကို တနိုင်ငံလုံး အုန်းအုန်းကျွတ်ကျွတ် ကျင်းပပြီး အာဇာနည်ခေါင်းဆောင်များ ကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ်တွင် နိုင်ငံတဝန်း ဥသြများဆွဲကာ အာဇာနည်ခေါင်းဆောင် များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။