အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မြန်မာ ပြည်သူများ အတွက် ပိုမိုကောင်းမွန်သော ပညာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် မြန်မာအစိုးရနှင့် အတူ လက်တွဲ ကူညီဆောင်ရွက်သွားရန် ဆန္ဒရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံ၏ ဒုတိယ အမျိုးသား လုံခြုံရေးအကြံပေး ဘန်ရုဒ် က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး သမ္မတ အိုဘားမား ပါးလိုက်သည့် သတင်း စကားများကို ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံးက ယနေ့ တရားဝင်ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်တွင် “ပိုမို ကောင်းမွန်သော ပညာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် မြန်မာ ပြည်သူ လူထု အတွက် မြန်မာအစိုးရနှင့်အတူ လက်တွဲ ကူညီဆောင်ရွက်ခြင်း၊ အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ လာစေရန် တိုက်တွန်း အားပေးခြင်း တို့ဖြင့် အမေရိကန် အစိုးရနှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေး ပိုမို အားကောင်း စေလိုသည့် သမ္မတ အိုဘားမား ၏ ဆန္ဒ သတင်းစကားများကို ဒုတိယအမျိုးသား လုံခြုံရေး အကြံပေး ဘန်ရုဒ် က ကိုယ်တိုင် ကိုယ်ကျ ပြောကြားခဲ့ပါသည်”ဟု ပါရှိသည်။
အမေရိကန်၏ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ် က ၎င်း၏ နေပြည်တော် ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့်လည်း တွေ့ဆုံခဲ့ရာ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေနှင့် ရခိုင်ပြည်နယ်က အခြေအနေများကို မေးမြန်းကြောင်း ဦးဝင်းထိန် က ပြောသည်။
ဦးဝင်းထိန် က “ပြောဖြစ်တယ်ဆိုတာ ကျနော်တို့ ဘာလုပ်နေလဲဆိုတာ သိအောင်ပေါ့ဗျာ။ သူကလည်း နိုင်ငံတော် အတိုင် ပင်ခံနဲ့ တွေ့ထားပြီးပြီဆိုတော့ တွေ့ထားတဲ့ အပေါ်မှာမူတည်ပြီးတော့ ကျနော့်ကိုမေးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ စေတနာမှန်တဲ့အတွက်ကြောင့် အောင်မြင်ဖို့လည်း များတယ်။ အခုလည်း အထိုက်အလျောက် တိုးတက်မှုလည်း ရတယ်။ အထစ်အငေါ့လည်း မရှိဘူး။ နောက် တပ်မတော်ကလည်း ဝိုင်းဝန်း ကူညီ တယ်။ ၂၁ ရာစုပင်လုံ ညီလာခံ ကတော့ အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာတွေဆောင်တယ်လို့ ယုံကြည်တယ်” ဟု ဖြေကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာများကိုလည်း အစိုးရသစ်အနေဖြင့် စေတနာမှန်ဖြင့် ကိုင်တွယ်ဆောင်ရွက် သွား မည် ဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုနှင့် ဘူးသီးတောင်၊ မောင်းတော ဒေသက အခြေအနေများ အတွက် ကောင်း မွန် သည့် အဖြေရမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့လည်း ကြိုးစားနေတယ်။ နိုင်ငံတကာ အကူအညီတွေကလည်း အများကြီးရနေတာဆိုတော့ အရှိန်ကောင်းမယ်ပေါ့လေ။ စီးပွားရေး ရလဒ်တွေကတော့ ချက်ချင်း သိသာမြင်သာ မရှိသေး ပေမယ့်လည်း ရေရှည်မှာတော့ ကောင်းမွန်တဲ့ ရလဒ်တွေရှိမယ်လို့ အကောင်းမြင်တဲ့ဘက်က ကျနော်ပြောတာပေါ့”ဟု ဦးဝင်းထိန် က ပြောဆိုသည်။
အမေရိကန်၏ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေး ဘန်ရုဒ် သည် သမ္မတ အိုဘားမား၏ အနီးကပ် အကြံပေးလည်း ဖြစ်ပြီး ၎င်း၏ မြန်မာပြည် ခရီးစဉ်သည် ၂ ရက်ကြာမြင့်မည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။