ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ( MAT ) က အစိုးရထံ တိုင်ကြားထားကြောင်း သိရသည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသော အလုပ်သမား သံအရာရှိ နှစ်ဦးအား နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနနှင့် လွှတ်တော်ဆိုင်ရာ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ထံသို့ ဇူလိုင်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားထားကြောင်း၊ အလုပ်သမား သံအရာရှိများသည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ကိစ္စများနှင့်ပတ်သက်၍ ထိရောက်သည့် ကူညီပေးမှု မရှိခြင်းကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း MAT အဖွဲ့မှ ဦးအောင်မြတ်သူ က ဧရာဝတီ ကို ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင် ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ထိုင်းနိုင်ငံ ခရီးစဉ်၌ အလုပ်သမားအဖွဲ့အစည်းများ၊ သံရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထိုင်းရောက် အလုပ်သမား အားလုံးကို ကူညီကာကွယ်ပေးကြရန် တိုက်တွန်းခဲ့ ကြောင်း၊ အလုပ်သမား သံအရာရှိများ အနေဖြင့်လည်း အလုပ်သမား အရေးကိစ္စများနှင့်ပတ်သက်၍ တရားဝင် အလုပ် သမားများသာမက တရားမဝင် အလုပ်သမားများကိုပါ တတ်နိုင်သည့် အကူအညီပေးကြရန် လမ်းညွှန်ခဲ့ကြောင်း သိရ သည်။
ဦးအောင်မြတ်သူ က “ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ် အပြီးမှာ အလုပ်သမားကိစ္စတွေကို ကူညီပေးဖို့ အကူအညီ တောင်းတာ ၃ ကြိမ် ရှိပါပြီ၊ လုံး၀ မကူညီတဲ့ အပြင် အကူအညီ သွားတောင်းတဲ့ အလုပ်သမားတွေအပေါ်မှာ ဆက်ဆံပြော ဆိုတာတွေကလည်း အတော်ဆိုးပါတယ်၊ အလုပ်သမားတွေနဲ့အတူ ကျနော်ကိုယ်တိုင်လည်းပါ ပါတယ်” ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံ၌ အလုပ်သမား သံအရာရှိ နှစ်ဦးရှိပြီး ထိုနှစ်ဦးစလုံးသည် အလုပ်သမား အရေးကိစ္စများကို အပြည့်အ၀ တာဝန် ယူဖြေရှင်းပေးမှု မရှိသည့်အတွက် ၎င်းတို့ နှစ်ဦးစလုံးအား တိုင်ကြားထားကြောင်း၊ အလုပ်သမား သံအရာရှိများအား တိုင် ကြားခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း MAT အဖွဲ့ က ပြောသည်။
“အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးဖို့ အလုပ်သမား သံအရာရှိတွေ ခန့်ထားပေးတယ်၊ ကိစ္စရှိရင် သံရုံးမှာ၂၄ နာရီ အကူအညီတောင်းနိုင်တယ်လို့ ဒေါ်စုက ပြောသွားတယ်၊ သံအရာရှိတွေ အနေနဲ့ အလုပ်သမား အဖွဲ့တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ မှာသွားတယ်၊ ဒါပေမယ့် လက်တွေ့မှာ ဘာမှ လုပ်ဆောင်မှု မရှိပါဘူး”ဟု MAT အဖွဲ့မှ ဦးအောင်မြတ် သူ က ပြောပြသည်။
အလုပ်သမား သံအရာရှိ တဦးဖြစ်သူ ဦးမိုးအောင်ခိုင်ကမူ ၎င်းတို့အနေဖြင့် တတ်နိုင်သမျှ ကူညီပေးနေကြောင်း၊ သို့သော် တချို့သော အရေးကိစ္စများ၌ ပါဝင်လုပ်ဆောင်နိုင်ခြင်း မရှိသည်များ ရှိကြောင်း၊ ၎င်းတို့အား တိုင်ကြားမှုနှင့်ပတ်သက်၍ လည်း ထင်မြင်ချက် မပေးလိုကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “သူတို့တောင်းတဲ့အကူအညီကို မပေးနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး၊ တချို့ အလုပ်ဖြုတ်ခံရသူတွေ အလုပ်ပြန် ရအောင် လုပ်ပေးတာတွေ ရှိပါတယ်၊ ကျနော်တို့မှာ အလုပ်သမား အရာရှိက ၂ ယောက်ပဲ ရှိတော့ နေရာအစုံကို မရောက်နိုင်တာတွေ၊ လွဲချော်သွားတာတွေတော့ ရှိပါတယ်”ဟုလည်း ပြောဆိုသည်။
အလုပ်သမား အရေးကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ဖြစ်ပွားသည့် အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ ရေး သားဖြည့်စွက်၍ သံရုံးသို့ အကူအညီတောင်းခံနိုင်ကြောင်း၊ အကူအညီ တောင်းခံလာပါက တတ်နိုင်သည့်ဘက်မှ ကူညီပေး မည် ဖြစ်ကြောင်းလည်း ဦးမိုးအောင်ခိုင် က ဆိုသည်။
အလုပ်သမား သံအရာရှိများအား တိုင်ကြားစာကို ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်ထံကိုလည်း ပေးပို့ထားကြောင်း၊ ၎င်းတို့အား အရေးယူခြင်း၊ မယူခြင်းသည် သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာန၏ ဆောင်ရွက်မှု အပေါ် မူတည်ကြောင်း MAT ၏ ဒါရိုက်တာ ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “အလုပ်သမားတွေရဲ့ ကိစ္စကို တာဝန်ယူ ဖြေရှင်းမပေးနိုင်တဲ့ အလုပ်သမား သံအရာရှိတွေကို ပြန်ခေါ်ပြီးတော့၊ တကယ် အလုပ်လုပ်တဲ့သူတွေကို ခန့်ထားပေးဖို့ တိုင်ကြားရတာပါ၊ သန်းချီတဲ့ အလုပ်သမားတွေရဲ့ အရေးကို ရှေးရှုပြီး တော့ ဆောင်ရွက်ရတာပါ”ဟုလည်း ပြောဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည် ပြီးခဲ့သည့် ဇွန်လမှ စ၍ ဖမ်းဆီးစစ်ဆေးမှုများ ခံနေရပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ခံရခြင်းများ ဆက်တိုက်ခံနေရသည်။
၎င်းတို့အနက် MOU ဖြင့် တရားဝင် လာရောက်သည့် အလုပ် သ မား တချို့သည် အလုပ်ဖြုတ်ခံရပြီး မြန်မာနိုင်ငံသို့ပါ ပြန်ပို့ခံနေကြရသည်။
ထိုင်းနိုင်ငံ၌ MOU စနစ်ဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာ တသန်းကျော်ရှိပြီး တရားဝင်၊ တရားမဝင် နေထိုင် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ၃ သန်းကျော်ရှိကြောင်း သိရသည်။