မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ခပ်တိမ်တိမ် မြှုပ်ထားသော ကျင်းများမှ တူးဖော်မှုတွင် ပထမနှင့် ဒုတိယ အလောင်း ၂ ခုမှာ အိုက်ချင်း၏ ပျောက်ဆုံးနေသော သားနှင့့်မသက်ဆိုင်။ အပြင်းအထန် ရိုက်နှက်ထားသောကြောင့် မမှတ်မိနိုင်အောင် ဖြစ်နေသော တတိယ အလောင်းသည်လည်း သူ၏ သားမဖြစ်ပါစေနှင့်ဟု အိုက်ချင်း ဆုတောင်းနေရသည်။
သို့သော် အိုက်ချင်းသည် ထိုအလောင်း၏ လက်ချောင်း ခြေချောင်းထိပ်များကို စစ်ဆေးသည်။ သူ၏ ၁၇ နှစ်အရွွယ်သားသည် ငယ်စဉ် မတော်တဆမှုတခုတွင် ခြေချောင်းတချောင်း ဆုံးရှုံးခဲ့ရပြီးနောက် သူ၏ခြေထောက်ကို စတင်ကြိုးသိုင်းလာခဲ့ရသည်။
“သူဟာ ကျနော့်သားပဲဆိုတာ သိလာရတော့ ကျနော် သတိမေ့ လဲကျသွားတယ်။ အဲဒီနောက် ကျနော် ဘာမှ မမှတ်မိတော့ဘူး” ဟု သူက ပြောသည်။
စစ်သားများသည် ဇွန်လ ၂၅ ရက်နေ့တွင် မိုင်းယော်ရွာတွင်းသို့ဝင်လာပြီး ဒါဇင်ပေါင်းများစွာသောသူများကို သိမ်းကြုံးဖမ်းသည်ဟု မျက်မြင်သက်သေများက ရိုက်တာသတင်းဌာနသို့ ပြောသည်။ အိုက်ချင်း၏ သားနှင့် အခြားလေးဦးမှာ ခေါ်ဆောင်သွားခြင်းခံရပြီး ၎င်းတို့ကို အသက်ရှင်လျက် ထပ်မံ မတွေ့ရတော့ပေ။ ညီအကိုနှစ်ဦးဖြစ်သော အခြားနှစ်ဦးမှာ ဆိုင်ကယ်စီး ထွက်ပြေးရန် ကြိုးစားစဉ် ပစ်သတ်ခံရပြီး ၎င်းတို့၏ အလောင်းများကို ရေမြောင်းတခုတွင် တွေ့ရသည်ဟု ရွာခံများက ပြောသည်။
မြန်မာ့တပ်မတော်သည် လူမျိုးစု လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ရာ နယ်စပ်ဒေသများတွင် မကြာခဏဆိုသလို တရားလက်မဲ့ ပြုကျင့်ကြကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်တိုင်းအစိုးရများက စွပ်စွဲခဲ့ကြသည်။ ယခုအမှုတွင် ထူးခြားချက်မှာ အထက်တန်း စစ်အရာရှိများက စွပ်စွဲချက်ကို အလေးအနက် ထားကြခြင်းဖြစ်သည်။
စစ်သားမည်မျှ တရားခွင်ရောက်နေသည်နှင့် မည်သည့်စွဲချက်များ ရင်ဆိုင်နေရသည်ကို အတည်မပြုသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးသိန်းဇော်က စစ်ခုံရုံးတခု စတင်စစ်ဆေးနေကြောင်းပြောပြီး ဒေသအစိုးရအရာရှိများက စစ်သားအများအပြားကို ဖမ်းဆီးထားသည်ဟု ပြောသည်။
ရွာသားများကလည်း အထက်တန်းစစ်အရာရှိများက အပြည့်အစုံ စစ်ဆေးပေးမည်ဟု ကတိပြုထားသည်ဟု ဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်တွင် လိုက်နာရမည့် သုံ့ပန်း များ စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများရှိပြီး ယင်းလုပ်ထုံးလုပ်နည်းများကို မလိုက်နာသည့် တပ်မတော်အရာရှိ၊ စစ်သည်များကို စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြူဆိုင်းသောတောင်ကုန်းတို့ ဝန်းရံထားသော မိုင်းယော်သည် စစ်နှင့် ဆင်းရဲနွမ်းပါးမှု နှိပ်စက်ခံရသော ရှမ်းပြည်မြောက်ပိုင်း၏ အဝေးကွာဆုံးနေရာတွင် တည်ရှိသည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် မြန်မာ့တပ်မတော်နှင့် လူမျိုးစု ပုန်ကန်သူများကြား ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများကြောင့် မိခင်ဒေသကို စွန့်လွှတ်နေကြရသည်။
ပြီးခဲ့သော နှစ်ကမူ မြန်မာ့တပ်မတော်သည် တရုတ်နယ်စပ်ရှိ သူပုန်များ သိမ်းထားသောဒေသများကို ပြန်သိမ်းရန် ကြိုးစားရင်း လူရာချီ ဆုံးရှုံးခဲ့သည်။ ဤပဋိပက္ခကို မီးထိုးပေးနေသည်မှာ ဥပဒေမဲ့ ရှမ်းပြည်နယ်ကို ဗဟိုပြုသော အကျိုးအမြတ်များသည့် မူးယစ်ဆေးဝါးကုန်သွယ်မှု ဖြစ်သည်။
အထိမခံသော ပုံရိပ်
စွပ်စွဲခံရသော တရားမဲ့လက်လွန်မှုများအတွက် တပ်မတော်သားများကို တာဝန်ရှိကြောင်း ယူဆသည် သို့မဟုတ် ပွင့်လင်းစွာ စုံစမ်းစစ်ဆေးသည်မှာ မြန်မာနိုင်ငံတွင် အလွန်ရှားပါးသည် ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကဲ့သို့သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ပြောသည်။
စစ်ဘက်၏ ယခုအကြိမ် တုန့်ပြန်မှုမှာ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းတွင် တာဝန်သိသော လုပ်ဖော်ကိုင်ဘက်အဖြစ်သာမက အနောက်နိုင်ငံများ၏ စစ်တပ်များနှင့် နီးကပ်စွာ ဆက်ဆံရန် ကြိုးစားနေစဉ် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ အလွန် ဂရုထားခြင်းကို ညွှန်ပြနေသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ဟောင်းများ၏ အရပ်သားတပိုင်း အစိုးရ တက်လာသည့်အချိန်ထိ ရာစုနှစ်ဝက်နီးပါး အာဏာရှင်စနစ်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်လုပ်လာသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ပြီး ဧပြီလက အာဏာရလာသည်။ သို့သော် စစ်တပ်က အာဏာကို အကြီးအကျယ်ချုပ်ကိုင်ထားဆဲ ဖြစ်သည်။
ရဲနှင့်ဒေသခံ အုပ်ချုပ်ရေးအရာရှိများက မိုင်းယော်ဒေသခံများအား ဇွန်လနှောင်းပိုင်း သတ်ဖြတ်မှုတွင် စစ်ဘက်က စုံစမ်းစစ်ဆေးနေသဖြင့် ၎င်းတို့ စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ဟုပြောသည်။
ထို့နောက် ဇူလိုင် ၃ ရက်တွင် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မိုင်းယော်သို့သွားကာ အပြည့်အဝ စုံစမ်းစစ်ဆေးမည်ဟု ကတိပေးပြီး ကျန်ရစ်သူ မိသားစုတစုစီကို ကျပ်ငွေ ၃ သိန်းစီ ဂရုဏာကြေး ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်သားအချို့ကို ဖမ်းထားကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက ပြောသော်လည်း အသေးစိတ်ကို မပြောပေ။
ဤသည်မှာ တရားလက်မဲ့ ယဉ်ကျေးမှုကြား ဆယ်စုနှစ်များစွာ စည်းကမ်းမလိုက်နာသော တပ်ဖွဲ့များကြောင့် ဖြစ်ပွားရသော အလားတူကိစ္စများကို မှတ်တမ်းတင်ရန် ကြိုးစားနေသော ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူများကို အံ့ဩသွားစေသည်။
“စစ်တပ်က ဒါမျိုး တခါမှ မလုပ်ဖူးဘူး” ဟု လားရှိုးအခြေစိုက် တိုင်းလူငယ်အဖွဲ့မှ ရှမ်းလူမျိုးစုခေါင်းဆောင်တဦးဖြစ်သူ စိုင်းဟန်က ပြောသည်။ မိုင်းယော်တွင်ဖြစ်ခဲ့သည်မှာ စစ်သားများက အရပ်သားများအပေါ် ကျူးလွန်သော”စစ်ရာဇဝတ်မှု”ဟု သူက ပြောသည်။
ယင်းသတ်ဖြတ်မှုသတင်းမှာ မြန်မာနိုင်ငံတွင် မကြာသေးမီကမှ နေရာအနှံ့ရလာသည့် ဆဲလ်ဖုန်းများနှင့် ပြုပြင်ပြောင်းလဲရေးခေတ်တွင် ရဲတင်းလာသော သက်သေခံသူများ၏ အကူအညီဖြင့် လျှင်မြန်စွာ ပျံ့နှံ့ခဲ့သည် ဟု စိုင်းဟန်က ပြောသည်။ စစ်တပ်အနေဖြင့် စွပ်စွဲချက်များကို မဖယ်ရှားနိုင်အောင် အမှုအား လူသိများစေရန် လုပ်ခဲ့ကြပုံရသည်။
“မူးပြီး ဒေါသထွက်နေတယ်”
စစ်သားများ ရောက်လာချိန်တွင် အသက် ၂၂ နှစ်အရွယ် စိုင်းမုန်တန်သည် ၁၇ နှစ်အရွယ်ညီ စိုင်းရွှေလူနှင့် ပြောင်းခင်းကို ပေါင်းသင်နေသည်။ “သူတို့ မူးနေပုံရတယ်၊ သူတို့ဆီက အရက်နံ့ ရတယ်၊ ဒေါသလည်း နေကြတယ်” ဟု စိုင်းမုန်တန်က ပြောသည်။
စစ်ဘက်က နောက်ပိုင်းတွင် ၎င်းတို့သည် ထိုဒေသမှ သူပုန်များ၏ တိုက်ခိုက်ခံရသည်ဟု ဆိုသော်လည်း စိုင်းဟန်နှင့် ဒေသတွင်းမှ အခြားသော လူ့အခွင့်အရေးလှုပ်ရှားသူများက မည်သည့် သူပုန်လှုပ်ရှားမှုမျှ မရှိဟု ဆိုသည်။
လူ ၁၀၀ ကျော်ကို စစ်သားများက ထိန်းသိမ်းထားသော အနီးရှိလမ်းသို့ ညီအကို ၂ ဦးအား ခေါ်လာခဲ့ပြီး လက်ကို ခေါင်းနောက်ပေါ်တင်ကာ ဆောင့်ကြောင့်ထိုင်ရန် အတင်းအကျပ်ခိုင်းသည်ဟု ဆိုသည်။ စစ်သားများက သူပုန်များကို တွေ့မတွေ့ ထိုသူများကို ရိုက်နှက် စစ်ကြောကြသည်ဟု စိုင်းမုန်တန်က ပြောသည်။
သူ၏ ညီငယ်နှင့် အခြားသူ ၄ ဦးကို စစ်သားများက ကြိုးတုတ်ခေါ်သွားသည်ကို တွေ့ရသည်ဟုလည်း သူက ပြောသည်။
အခြားရွာသားများ၊ ဒေသခံ အရာရှိများနှင့် တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်နှင့် ကိုက်ညီသော်လည်း ထိုအချက်ကို ရိုက်တာသတင်းဌာနအနေဖြင့် သီးခြား အတည်မပြုနိုင်ပါ။
စိုင်းမုန်တန်က သူ၏ ညီသည် မြန်မာစကား မပြောတတ်၊ စစ်သားများ၏ မေးခွန်းများကို မဖြေနိုင်သောကြောင့် ခေါ်ထုတ်ခြင်းခံရသည်ဟု ယူဆသည်။
မိုင်းယော်မှ လူအများစုသည် ရှမ်း သို့မဟုတ် ပလောင်လူမျိုးများ ဖြစ်ကြသည်။ စစ်သားအများစုမှာမူ မြန်မာလူမျိုး အများစုဖြစ်ပြီး မကြာခဏဆိုသလို ရွွာသားများသည် သူပုန်များကို ခိုလှုံခွင့်ပေးသည်ဟု စွပ်စွဲကြသည်။
အသက် ၂၃ နှစ်အရွယ် အိုက်စိုင်းသည်လည်း စစ်သားများခေါ်ဆောင်သွားသူ ၅ ဦးအနက်မှ တဦးဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် သူ့ဇနီး အေးလူမှာ ညဘက်ရောက်သောအခါ အိမ်တွင် မွေးကင်းစ ကလေးနှင့်အတူ ပုန်းအောင်းနေခဲ့ရသည်။
“စစ်သားတွေ ကျမတို့ရွာကိုလာတယ်။ အိမ်ထဲက မထွက်နဲ့လို့ ပြောတယ်။ ကျမ အပြင်မထွက်ရဲဘူး” ဟု သူမက ပြောသည်။
စစ်သားများ ထွက်သွားပြီး ၃ ရက်ကြာသောအခါမှ ရွာသားများသည် ပျောက်နေသူများကို ရှာနိုင်ကြတော့သည်။ ပြောင်းခင်းထဲမှ သွေးများစွန်းနေသော မြေကွက်တကွက်က မကြာသေးမီကမှ တူးဆွထားသောနေရာဖြစ်ကြောင်း လူပျောက်ရှာသူများကို ပြသလိုက်တော့သည်။
( Reuters သတင်းထောက် Andrew R.C. Marshall နှင့် Wa Lone တို့၏ Myanmar’s military investigates a ‘war crime’ in an era of reform ကို ဘာသာပြန်ဆိုသည်)