မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လူဦးရေအလိုက် ကိုးကွယ်ရာ ဘာသာ အချိုး အစား ရာခိုင်နှုန်းကို ထုတ်ပြန်လိုက်ပြီး ယင်းစာရင်းအရ ဗုဒ္စဘာသာကိုးကွယ်သည့် အချိုးအစားသည် အများဆုံး ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကောက်ယူရရှိသည့် လူဦးရေ ၅၀၂၇၉၉၀၀ ဦးတို့ကို အခြေခံတွက်ချက် ထားသည့် ရာခိုင်နှုန်းအရ ဗုဒ္ဓဘာသာ ၈၉ ဒသမ ၈ ရာ ခိုင်နှုန်း၊ ခရစ်ယန် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလမ် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အခြားဘာသာ ကိုးကွယ်သူ ၀ ဒသမ ၂ ရာ ခိုင်နှုန်း၊ မည်သည့်ဘာသာမှ မကိုးကွယ်သူ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။
သို့ရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ၁ ဒသမ ၀၉ သန်းကို ထည့်သွင်းတွက်ချက်ပါက အစ္စလမ် ၄ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သွားပြီး ဗုဒ္ဓဘာသာ ၈၇ ဒသမ ၉ ရာ ခိုင်နှုန်းနှင့် ခရစ်ယန် ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ ကိန်းဂဏန်းများ ပြောင်းလဲသွားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဦးသိန်းဆွေက ပြောသည်။
“ရခိုင်ပြည်နယ်မှာ စာရင်းမကောက်နိုင်တဲ့သူ ၁ ဒသမ ၀၉ သန်းဆိုတဲ့ စာရင်းက ခိုင်မာပါတယ်။ ဘာလို့လည်း ဆိုတော့ သန်းခေါင်စာရင်းကောက်ဖို့ မူလ ကောက်ကွက်တွေလုပ်တော့ သူတို့တွေက အိမ်ထောင်စုစာရင်းကို ဖြည့်တယ်။ လက်ခံခဲ့တဲ့ စာရင်းဇယားက ရပြီးသား။ တကယ်တန်း ကောက်မယ်ဆိုတော့ လူမျိုး ထည့်တဲ့ အပေါ် မှာ မူတည်ပြီး အကောက်မခံတော့ဘူး။ ဒါကြောင့် ဝန်ကြီးဌာနမှာတော့ စာရင်းဇယားက ရပြီးသား ဖြစ်တယ်”ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ထို့ကြောင့် အစ္စလမ်ဘာသာ ကိုးကွယ်သူ မွတ်စလင်ဦးရေသည် ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ယနေ့ ထုတ်ပြန်သည့် သန်းခေါင် စာရင်း ရလဒ်များတွင် ဖော်ပြထားသည်။
“အရှိတရားကို အရှိအတိုင်းပဲ လက်ခံရမှာပေါ့။ ဖုံးကွယ်ထားတယ်၊ ထိန်ချန်ထားတယ်ဆိုရင် တချို့က ပုံကြီး ချဲ့ချင်တယ်။ တချို့က ကောလာဟလထုတ်ပြန် ချင်တယ်။ သာမန်ပြည်သူတွေကြားမှာ ထင်ရောင်ထင်မှားတွေ ဖြစ်လာနိုင်တာပေါ့။ ဒါကြောင့် အရှိအတိုင်း အမှန်အတိုင်း ထုတ်ပြန်တာဖြစ်တဲ့အတွက် ဒီအတွက် စိုးရိမ်ပူပန်မှု မရှိပါဘူး”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဦးသိန်းဆွေက ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်၌ စာရင်းမကောက်ယူနိုင်သည့် လူဦးရေကို ထည့်သွင်း စဉ်းစားမည်ဆိုပါက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်တွင် ၈၈ ဒသမ ၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် တွင် ၈၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၈၇ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးဖြစ်သဖြင့် ဗုဒ္ဓဘာသာ ကိုး ကွယ်မှု အနည်းငယ် လျော့ကျလာသည်ကို တွေ့ရှိ ရသည်။
“မစိုးရိမ်ပါဘူး။ မှန်မှန်ကန်ကန် ကောက်ထားတာ ဖြစ်ပါတယ်။ အစ္စလမ်ဘာသာဝင်ဦးရေ တိုးလာတယ် ဆိုတာလည်း အခြေအနေအရပေါ့။ သူတို့ရဲ့ အနေ အထား အခြေအနေအရ တိုးလာတယ်။ တကယ် အမှန် အကန်ရရှိတဲ့ စာရင်း၊ မြေပြင်စာရင်း၊ နိုင်ငံတကာက လက်ခံတဲ့စာရင်းအရ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းနဲ့ နှိုင်းယှဉ် ရင် ထူးထူး ခြားခြား ပြောင်းလဲမှု မရှိဘူး။ ဘာသာရေး ခေါင်းဆောင်အားလုံးကို ဒီအခြေအနေလေးကို ရှင်းပြပြီးပါပြီ။ သူတို့ လည်း လက်ခံပါတယ်။ အဲဒီနောက် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဘာသာရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်တာပါ”ဟု မီဒီယာများသို့ ပြောသည်။
ခရစ်ယန်ဘာသာ ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင် နှုန်းသို့ မြင့်တက်လာကြောင်း၊ ဟိန္ဒူဘာသာ ကိုးကွယ်မှုသည် စုစုပေါင်း လူဦးရေး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် မပြောင်းလဲဘဲ ရှိနေကြောင်း သိရှိရသည်။
နတ်ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း၊ အခြားဘာသာ ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တွင် ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း သို့ မြင့်တက်လာကြောင်း သိရှိရသည်။
သန်းခေါင်စာရင်း မကောက်ယူနိုင်သည့် လူဦးရေမှာ ရခိုင်ပြည်နယ်တွင် ၁၀၀၉၀၀၀ ဦး၊ ကရင်ပြည်နယ်တွင် ၆၉၈၀၀ ဦး၊ ကချင်ပြည်နယ်တွင် ၄၆၆၀၀ ဦးတို့ ဖြစ်သဖြင့် စုစုပေါင်း လူဦးရေ၏ ၂ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည့် လူဦးရေ ၁ ဒသမ ၂ သန်းခန့်ကို စာရင်းမကောက်နိုင်ခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်း ထုတ်ပြန်ရာတွင် တိုင်းရင်းသား လူမျိုးကိစ္စ ထုတ်ပြန်ရန်သာ ကျန်တော့သဖြင့် ယခု အစိုးရသစ် လက်ထက်တွင် ပေါ်ပေါက်လာသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည် ဟု သိရသည်။
ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် နိုင်ငံသား စိစစ်သည့် ကိစ္စများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့တို့တွင် စတင်ဆောင်ရွက်လျက် ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်တွင် အစစ်မခံသဖြင့် အဆင်မပြေသေးကြောင်း သိရသည်။
“အဲဒီဒေသမှာကတော့ ပညာရေး အဆင့်အတန်းနည်းတဲ့သူတွေ များတယ်။ ကောလာဟလတွေကို ယုံလွယ် တယ်။ ပြင်ပက လှုံဆော်မှုတွေ၊ ဒေသမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပြောစကားတွေ နားထောင်တာလည်း ပါတယ်”ဟု ဝန်ကြီးက ပြောသည်။
၁၉၈၂ နိုင်ငံသား ဥပဒေအရ စိစစ်ရာတွင် လူ ၂၀၀၀ ခန့်သာ စိစစ်နိုင်သေးသဖြင့် စိစစ်ရန် ကျန်ရှိနေသော လူဦး ရေ ၁ သန်းနှင့် နှိုင်းယှဉ်ပါက အလွန်နည်းနေသေးသည့် အနေအထားမျိုး ဖြစ်နေကြောင်း သိရှိရသည်။