သတင်း

အစိုးရသစ်နဲ့ တန်ဖိုးနည်း အိမ်ရာပြဿနာ

This article has been converted from Zawgyi One to Unicode

ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျဘဏ်ချေးငွေနဲ့ ရောင်းချပေးပြီး ရောင်းချပေးတဲ့အခါ နှစ်ရှည်ချေးငွေအဖြစ် သက်တမ်း ၈နှစ် ပေးမယ်လို့ သတင်းထုတ်ပြန်မှုတွေ ရှိလာပါတယ်။

အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ကို ဘဏ်မှာ အပ်ငွေအဖြစ် စုရမှာဖြစ်ပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကိုတော့ ဘဏ်ချေးငွေအဖြစ် ချေးယူပြီး အရစ်ကျပေး ဆပ်သွားရမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါဆိုရင် အခြေခံ လူတန်းစား တွေ အနေနဲ့ အိမ်ပိုင်ရာပိုင်ဘဝကို အမှန်တကယ် အိပ်မက်မက်နိုင်ပြီလားဆိုတာကို ဝေဖန်ဆန်းစစ်ဖို့ လို ပါ တယ်။

အစိုးရလား၊ ပုဂ္ဂလိကလား

မြန်မာနိုင်ငံမှာ အိမ်ရာ လိုအပ်ချက်အများဆုံးက ရန်ကုန်မြို့မှာ ဖြစ်နေတာပါ။ ရန်ကုန်မြို့ဟာ လူဦးရေ သိပ်သည်းမှုများ တဲ့အပြင် အိမ်ခြံမြေဈေးနှုန်းဟာလည်း သာမန်ပြည်သူတွေ လက်လှမ်းမမီအောင် မြင့်လွန်းနေပါတယ်။ နောက်ပြီး ရှိတဲ့ အိမ်ရာတွေကလည်း စံချိန်စံညွှန်းနဲ့ညီညွတ်ရဲ့လားဆိုတာက မေးစရာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ရန်ကုန်မြို့ရှိ လူဦးရေ ခြောက်သန်းမှာ တသန်းကျော်လောက်ဟာ စံမမီ အိမ် ရာတွေမှာ နေထိုင်နေရတယ်လို့ သိရပါတယ်။ တကယ်တော့ စံမမီဆိုတာ Slum ဆိုတဲ့ အသုံးအနှုန်းကို ယဉ်ကျေးအောင်၊ နားထောင်ကောင်းအောင် ဘာသာပြန်ထားတာပါ။

လူမှုရေးအစ ကျန်းမာရေးအဆုံး လူနေဖို့ လုံးဝမသင့်လျော်တဲ့ အိမ်ရာမျိုးတွေပါ။ စံမမီအိမ်ရာတွေဟာ မြို့အစွန်တွေမှာ ရှိသလို မြို့တွင်းမြို့နယ်တွေမှာလည်း ရှိပါတယ်။ ဝင်ဒါမီယာအောက်ချိုင့်လို နေရာမျိုးမှာတောင် ရှိနေတာပါ။

ဒါဆိုရင် စံချိန်မီပြီး တန်ဖိုးလည်းနည်းတဲ့ အိမ်ရာပေါင်း သိန်းနဲ့ချီပြီး လိုအပ်နေတာကို အစိုးရသစ်က ဖြည့်ဆည်းပေးနိုင် မလားဆိုတာ စိတ်ဝင်စားစရာမေးခွန်း ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများမှာ အိမ်ထုတ်လုပ်မှုကို အစိုးရက မလုပ်ဘဲ ပုဂ္ဂလိကကဏ္ဍ ( Private Sector) ကပဲ လုပ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်း ကြပ်မတ်တဲ့အပိုင်း (Regulatory Role ) ကိုသာ ယူပြီး ပုဂ္ဂလိကကဏ္ဍကို ဖွင့်ပေးသင့်တယ်လို့ တချို့က မြင်ကြပါတယ်။

တဖက်မှာတော့ မြန်မာနိုင်ငံရဲ့လက်ရှိ အနေအထားဟာ အစိုးရအနေနဲ့ မဖြစ်မနေ ပါဝင်လုပ်ဆောင်ရမယ့် အနေအထားမျိုး ဖြစ်တယ်လို့ တချို့က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ တန်ဖိုးနည်းအိမ်ရာ လိုအပ်ချက်က သိပ်များနေတဲ့အတွက် Private Sectorနဲ့ သဟဇာတ မဖြစ်နိုင်သေး ပါဘူး။ ဒါကြောင့်အစိုးရကတော့ ဝင်ရဦးမယ်။ အစပိုင်းမှာ ဆွဲခေါ်ရဦးမှာပဲ။ နောက်ပိုင်းမှသာ Facilitator Role ကို ပြောင်း သွားရမှာ။ ဘာကြောင့်လဲဆိုတော့ Private Sector မှာလည်း အင်အားရှိတဲ့ လုပ်ငန်းရှင်ကလည်း တော်တော်နည်းတယ်။ အခု Commercial Housing တွေတောင် သူ့ပြဿနာနဲ့သူ ရှုပ်နေကြတယ်”လို့ မြို့ရွာနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ဒုတိ ယညွန်ကြားရေးမှူးဟောင်း ဦးမြင့်ဆွေက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်ရာဆောက်လုပ်ရေးမှာ ပုဂ္ဂလိကကဏ္ဍရှိပေမယ့် တန်ဖိုးနည်းအိမ်ရာ ( Low cost Housing) ထက် တန်ဖိုးမြင့်တဲ့ (Commercial housing) ကိုသာ ပိုစိတ်ဝင်စားခဲ့ကြပါတယ်။

တန်ဖိုးနည်းအိမ်ရာဆိုတာက မြေဖိုး၊ အဆောက်အအုံတန်ဖိုး အကုန်လုံးကို လျှော့ချရပြီး အခြေခံလိုအပ်ချက်တွေလည်း အပြည့်အစုံပါဝင်ရပါတယ်။ ဒါကြောင့် Private Sector က ဘယ်လောက်လုပ်နိုင်တယ်ဆိုပေမယ့်လည်း အစိုးရက ပံ့ပိုး ကူညီမှု (Subsidization) တခုခု လုပ်ပေးမှသာ အဆင်ပြေမယ့်သဘော ပြောဆိုနေကြတာပါ။

မြေပိုင်ရှင်များ ကူညီကြနိုင်မလား

တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးကိုကိုထွေးက အစိုးရဘက်က မြေပေးဖို့ လိုအပ်တယ်လို့ ပြောပါ တယ်။ သူတို့ကုမ္ပဏီအနေနဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်းသုံးသိန်းကို ဆောက်လုပ်သွားဖို့အတွက် လိုအပ်တဲ့မြေဧက ၁၀၀၀ ဝန်းကျင်ကို အစိုးရဆီက ဝယ်ယူချင်ပေမယ့် အစိုးရက မြေမရှိဘူးလို့ပြောနေတဲ့အတွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှုအတွက် အခက်အခဲဖြစ်နေတယ်လို့အင်တာဗျုးတခုမှာ ပြောကြားသွားခဲ့ပါတယ်။

“အခု ပြောနေတာရှိပါတယ်။ အစိုးရမဝင်နဲ့၊ မြေကိုသာပေးပါ၊ Private Sector က ဆောက်လိမ့်မယ်ဆိုတဲ့ နေရာမှာ အစိုးရ ကိုယ်တိုင်ကလည်း နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလိုဖြစ်နေတယ်။ ပြဿနာက သူ့လက်ထဲမှာလည်း မြေ မရှိဘူး။ အရင် အစိုးရလက်ထက်က ရှိတဲ့ဟာတွေကလည်း မလုပ်သင့်တဲ့ စီမံကိန်းတွေလုပ်၊ မပေးသင့်တဲ့ လူတွေကိုပေး၊ လုပ်ခဲ့တာတွေ ကြောင့် ဒီအစိုးရလက်ထဲ ရောက်တော့ ဘာမှ မကျန်တော့တာပါ” လို့ ဦးမြင့်ဆွေက ဆက်လက် သုံးသပ်ပြခဲ့ပါတယ်။

အခု ၂ နှစ်အတွင်း ဆောက်မယ့် အခန်းပေါင်း၈၀၀၀ ဆိုတာက အမှန်တော့ ppp ( Privat public partnership )နဲ့ လုပ် တာဖြစ်ပြီး Cross subsidization ဆိုတဲ့ နည်းကို သုံးထားတယ်လို့သိရပါတယ်။

ဒီလို မြေကြီးနဲ့ ပတ်သက်တဲ့ အခက်အခဲ တွေကြားထဲက မြေကျဉ်းပေမယ့်လည်း commercial housing လုပ်လို့ ရတဲ့ ဌာနဆိုင်ရာမြေလေးတွေတော့ ရှိသေးတဲ့ အတွက် အဲဒီမြေလေးတွေပေါ်မှာ private နဲ့ Partnership လုပ်လိုက်ပြီး ဒီက ရတဲ့အကျိုးအမြတ်ကို Cross subsidize လုပ်တဲ့သဘောလို့ သုံးသပ်ရပါလိမ့်မယ်။

နှစ်ရှည်ငွေချေးပေးမယ့် ဘဏ်တွေရှိရဲ့လား

တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်နိုင်ဖို့အတွက် မြေလိုအပ်သလို တန်ဖိုးနည်းအိမ်ရာကို အခြေခံလူတန်းစားများဝယ် ယူနိုင်ရေးအတွက်လည်း ငွေကြေးကဏ္ဍကို တာဝန်ယူပေးမယ့် ဘဏ်တွေဘက်က အားကောင်းဖို့လိုပါတယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာတွေ ၂နှစ်အတွင်း ထုတ်ရောင်းပေးမယ်ဆိုပေမယ့် ဘဏ်တွေက မကူညီရင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားနိုင်ပါတယ်။

အိမ်ဝယ်သူအနေနဲ့ ကျပ်ငွေသိန်းတရာအပြင် ဗဟိုဘဏ်ရဲ့အတိုးနှုန်းသတ်မှတ်ချက်အရ တနှစ်မှာ အတိုး ၁၂ ရာနှုန်းကို လည်းပေးဆောင်ရဦးမှာပါ။ ပထမဆုံးအနေနဲ့ သိန်းသုံးဆယ်ကို ပေးသွင်းထားရဖို့ အတွက်လည်း အခြေခံလူတန်းစား အများစုက တတ်နိုင်ဖို့ မလွယ်ကူပါဘူး။ ဆယ်ရာခိုင်နှုန်းလောက် ဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါကို ဘဏ်တွေ ဘက်က ကူညီပေးမှ ဖြစ်နိုင်ပါလိမ့်မယ်။

“ဘဏ်က ချေးငွေထုတ်ချေးပေးမှာပါ။ ပြန်ဆပ်ကာလ ၁၅နှစ် ပေးနိုင်ပါ့မလားဆိုတာတော့ ဆွေးနွေးညှိနှိုင်းအဖြေရှာနေ ဆဲပါ။ တကယ်တော့ ၁၅နှစ် ချေးပေးနိုင်မယ့် long term loans ကျနော်တို့ဆီမှာ မရှိသေးပါဘူး။ အခုကတော့ ၈နှစ် ပါပဲ။ ဘဏ်မှာ အရစ်ကျ ငွေပေးသွင်းနိုင်တဲ့အတွက် ပိုက်ဆံများများသွင်းနိုင်တဲ့သူက အရင်ရသွားမှာပါ”လို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

ဘဏ်က ချေးမယ့် ၇၀ ရာနှုန်းကို ၁၅ နှစ်အတွင်းပြန်ဆပ်ရမယ်လို့ဖြေလျှော့ပေးမယ်ဆိုရင် တန်ဖိုးနည်းတိုက်ခန်း တခန်း အတွက် တလကျပ်ငါးသောင်းဝန်းကျင်ပဲ ပေးဆောင်ရပါမယ်။ ဒါက အခု ထုတ်လုပ်မယ့် တန်ဖိုးနည်းအိမ်ရာ ၈၀၀၀ ကိစ္စ ပါ။

ပထမဆုံးစမ်းသပ်မှုဖြစ်လေမလား

အစိုးရမှာ မြေမရှိတော့ဘဲ ပုဂ္ဂလိကလက်ထဲကို အကုန်ရောက်နေပြီလို့ ပြောတာတွေ ရှိသလို အစိုးရဆိုတာ မြေရှိချင်ရင် ရှိအောင်လုပ်လို့ ရတာပဲ ဆိုတဲ့ အမြင်လည်းရှိနေပါတယ်။ ပုဂ္ဂလိကထံမှာ မြေဘယ်လောက်ရှိ နေသလဲဆိုတာ သိဖို့နဲ့ အစိုးရဆီမှာ အိမ်ဆောက်နိုင်မယ့်မြေ ဘယ်လောက်ရှိနေသလဲ သိဖို့အတွက် မြေသန်းခေါင်စာရင်းကောက်ယူဖို့ မသင့်ဘူး လား။

ဒါက လူသန်း၅၀ကျော်ကို သန်းခေါင်စာရင်း ကောက်ယူရတာမျိုး မဟုတ်တဲ့အတွက် လပေါင်းများစွာ အချိန်ကြာမယ့် အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် “ညောင်မြစ်တူးတော့ ပုတ်သင်ဥပေါ် ” ဆိုသလို “မျက်နှာပျက်စရာ” “မျက်နှာပူစရာ ” တွေ ဖြစ်လာလေမလား။

တန်ဖိုးနည်းအိမ်ရာကို ပုဂ္ဂလိက ကဏ္ဍက ထုတ်လုပ်မယ်ဆိုရင် လိုအပ်တဲ့ အိမ်ရာအရေအတွက်ကို ထုတ်နိုင်ဖို့အတွက် ဘဏ်တွေကလည်း လိုသလောက် ချေးပေးနိုင်ဖို့လိုပါတယ်။ တကယ်လို့ ပုဂ္ဂလိက ကဏ္ဍက မထုတ်လုပ်ဘဲ အစိုးရကိုယ် တိုင်က ထုတ်လုပ်မယ်ဆိုရင်ကော ငွေကြေးကို ဘယ်ကရမလဲ။ ဘတ်ဂျက်ထဲက ယူသုံးမှာလား။

“အခုလုပ်နေတဲ့ ကိစ္စကို အစိုးရက ဘတ်ဂျက်နဲ့ သွားလို့မရဘူး။ အစိုးရမှာ သီးသန့် Fund ရှိရမယ်။ အိန္ဒိယ၊ စင်ကာပူ ဒီ အတိုင်းပဲ သွားကြတာပဲ။ ဘတ်ဂျက်ကတော့ အားလုံးနဲ့ မျှရတာဆိုတော့ အဲဒီက သုံးလို့ မရနိုင်ပါဘူး”လို့ ဦးမြင့်ဆွေက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တဲ့အတွက် အတိုးနှုန်းကို ၁၂ရာနှုန်းထက် လျှော့ချလို့မရတဲ့ဘဏ်တွေနဲ့ ဥပဒေကို လက် တ လုံးခြားလုပ်ပြီး မြေဧကပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မြေပိုင်ရှင်တွေကို အတွေ့အကြုံနုနယ်သေးတဲ့ အစိုးရသစ်က ဘယ်လောက် စည်းရုံးနိုင်မလဲ။

ဈေးမြင့်တဲ့ မြေပေါ်မှာ အတိုးမြင့်တဲ့ ချေးငွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို မဖြစ်မနေဆောက်လုပ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ စံချိန်စံညွှန်းမီအောင် ထုတ်လုပ်နိုင်မလဲ။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဟာ အစိုးရသစ်ရဲ့စွမ်းဆောင်ရည်အတွက် ပထမဆုံး စမ်းသပ်ချက် လို့ ဆိုနိုင်ပါတယ်။

Loading